အမေရိကန်က တရုတ်ကုမ္ပဏီ ၅ ခုကို လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တင်ပို့ခွင့်ကန့်သတ်သည့် စာရင်းတွင် ထပ်ထည့်

အမေရိကန်က တရုတ်ကုမ္ပဏီ ၅ ခုကို လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တင်ပို့ခွင့်ကန့်သတ်သည့် စာရင်းတွင် ထပ်ထည့်

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကုန်ပစ္စည်းတင်ပို့ခွင့် ကန့်သတ်သည့်စာရင်းတွင် တရုတ်ကုမ္ပဏီ ၅ ခုကို အမေရိကန်က ထပ်မံထည့်သွင်းလိုက်သည်။

“အထူးသဖြင့် Xinjiang GCL New Energy Material Technology၊ Xinjiang Daqo New Energy၊ Xinjiang East Hope Nonferrous Metals၊ Hoshine Silicon Industry (Shanshan)နှင့် Xinjiang Production and Construction Corps ကုမ္ပဏီတို့သည် အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းများကို ပြုလုပ်ခြင်း၊ လက်ခံခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ဖြင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားနှင့် ဆန့်ကျင်သောလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း” တာဝန်ရှိသူများက ဆုံးဖြတ်လိုက်သည်ဟု အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ဇွန်လ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမှ လုပ်ငန်းအဖွဲ့အစည်း ၅ ခုသည် ရှင်ကျန်းဒေသရှိ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစုများ အပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်း၊ ဖိနှိပ်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခြင်းနှင့် အဆင့်မြင့်နည်းပညာဖြင့် စောင့်ကြည့်ခြင်းစသည့်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြောင်း အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့သည်ဟု Sputnik က ဖော်ပြခဲ့သည်။

ယင်းကုမ္ပဏီများသည် ၎င်းတို့၏ လိုင်စင်ခွင့်ပြုချက်အတွက် လိုအပ်ချက်များ ထပ်မံရှိလာမည်ဖြစ်ပြီး ပို့ကုန်တင်ပို့ခြင်း၊ ပြန်လည်တင်ပို့ခြင်းနှင့် လွှဲပြောင်းခြင်းများမှလွဲ၍ လိုင်စင်အများစုမှာ အကန့်အသတ်များ ရှိမည်ဖြစ်သည်။

ခေတ်မီလက်နက်များနှင့် အမျိုးသားလုံခြုံရေးစနစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကန့်သတ်ပိတ်ပင်မှုများကို အသုံးပြုနိုင်သဖြင့် ဧပြီလက အမေရိကန်သည် ထိပ်တန်းတရုတ်စူပါကွန်ပျူတာစင်တာများနှင့် ကုန်သွယ်မှုကို ကန့်သတ်ထားခဲ့သည်။

“ ကုန်သွယ်ရေးအရ တရုတ်နိုင်ငံသို့ ပို့ကုန်ထိန်းချုပ်မှုအသစ်များပြုလုပ်ခဲ့ကြောင်း၊ တရုတ်စစ်တပ်နှင့် ပတ်သက်မှု၊ စစ်တပ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအား မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းခြင်းနှင့် / သို့မဟုတ် အစုလိုက်အပြုံလိုက်ဖျက်ဆီးစေနိုင်သည့် လက်နက်များ (WMD) အစီအစဉ်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အဖွဲ့အစည်း ၇ ခုကို တင်ပို့ခွင့်ကန့်သတ်ထားသည့် စာရင်းတွင် ထည့်သွင်းခဲ့သည်ဟု အမေရိကန် ကုန်သွယ်ရေးဌာနက တွစ်တာတွင်ရေးသားခဲ့သည်။ (ANI) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly