ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှ ထွက်ပေါ်ခဲ့သည်ဟု အမေရိကန်အများစု ယုံကြည်

ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှ ထွက်ပေါ်ခဲ့သည်ဟု အမေရိကန်အများစု ယုံကြည်

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၊ ဝူဟန်ဓာတ်ခွဲခန်းတွင် ဖန်တီးပြီး ယိုစိမ့်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းက ယုံကြည်ကြသည်ဟု မီဒီယာစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ဇွန်လ ၁၉ ရက်မှ ဇွန်လ ၂၂ ရက်အတွင်း Fox News မှပြုလုပ်သော စစ်တမ်းတွင် အမေရိကန်နိုင်ငံသား ၁၀ဝ၁ ယောက် ပါဝင်ခဲ့ရာတွင် ၃၁ ရာခိုင်နှုန်းကသာ ကိုဗစ် ဗိုင်းရပ်စ်သည် သဘာဝအလျောက် ကူးစက်ခြင်းဖြစ်ကြောင်း ယုံကြည်ထား ကြသည်။

ပါဝင်ဖြေဆိုသူ ၅၀ ရာခိုင်နှုန်းက ကိုဗစ်-၁၉ သည် အမေရိကန်နိုင်ငံသားများ၏ နေထိုင်မှုပုံစံကို ထာဝရ ပြောင်းလဲသွားစေခဲ့သည်ဟု ယုံကြည်ကြပြီး ၄၂ ရာခိုင်နှုန်းက ခေတ္တပြောင်းလဲမှုဟုသာ မှတ်ယူကြသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဗိုင်းရပ်စ်ပိုးသည် “ ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်ပေါ်လာခြင်းဖြစ်သည်” ဟူသော အယူအဆကို ပယ်ချခဲ့သည်။ WHO ၏ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာပီတာ ဒတ်ဇတ်ခ်က ဓာတ်ခွဲခန်း သုံးသပ်ချက်ကို မှေးမှိန်စေသည့် ဆုံးဖြတ်ချက်ကို WHO မစ်ရှင်၏ အဖွဲ့ဝင် ၁၇ ဦးစလုံးက တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

WHO မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဗိုင်းရပ်စ်ပိုးသည် ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာနိုင်သည့် အလားအလာ အလွန်နည်းကြောင်းနှင့် ဗိုင်းရပ်စ်များနှင့် နီးကပ်စွာ ဆက်စပ်နေသည့်ဓာတ်ခွဲခန်းမျိုးလည်း မှတ်တမ်းမရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ပြည့်စုံသော မူရင်းအချက်အလက်နှင့် နမူနာများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုခဲ့သည့် ယင်းစုံစမ်းစစ်ဆေးမှုကို အမေရိကန်၊ ဗြိတိန်နှင့် အခြားအစိုးရများက ဝေဖန်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်က The Lancet ဆေးပညာဂျာနယ်တွင် ဒေါက်တာပီတာ ဒတ်ဇတ်ခ် စုဖွဲ့ထားသည့် ထိပ်တန်းသိပ္ပံပညာရှင် ၂၇ ဦးက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် ကိုဗစ်-၁၉ သည် သဘာဝအတိုင်းဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း ဖော်ပြသည့် ပူးပေါင်းကြံစည်မှုပါဝင်သည့် ယူဆချက်များကို ဝေဖန်ပြစ်တင်ခဲ့သလို တရုတ်ပြည်ရှိ သိပ္ပံပညာရှင်များ၊ ကျန်းမာရေးပညာရှင်များနှင့် တစ်သားတည်းရှိကြောင်းကို ကြေညာခဲ့သည်။

ထို့ပြင် လက်မှတ်ရေးထိုးသူ ၂၇ ဦး အနက်မှ နယူးယောက်မြို့မှ ထင်ရှားသော အဏုဇီဝဗေဒပညာရှင် ပီတာပေးစ်က စိတ်ပျက်တုန်လှုပ်ဖွယ်ရာကောင်းသည့် သတင်းအချက်အလက်များကြောင့် ကိုဗစ်-၁၉ သည် သဘာဝအတိုင်းဖြစ်ပေါ်လာသည်ဟူသော သူ၏ ယူဆချက်ကို ပြောင်းလဲစေခဲ့သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required