အာဖဂန်မှ အမေရိကန် ထွက်ခွာစဉ် ပေါ်ထွက်လာသည့် လုံခြုံရေးဟာကွက်၏ ခြိမ်းခြောက်မှုအတွက် တရုတ် ပြင်ဆင်နေရ

အာဖဂန်မှ အမေရိကန် ထွက်ခွာစဉ် ပေါ်ထွက်လာသည့် လုံခြုံရေးဟာကွက်၏ ခြိမ်းခြောက်မှုအတွက် တရုတ် ပြင်ဆင်နေရ

စစ်ပွဲဒဏ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တို့ ပြန်လည်ထွက်ခွာမှုနောက်ပိုင်းတွင် ထွက်ပေါ်လာနေသည့် လုံခြုံရေး ဟာကွက်တစ်ခုနှင့်ပတ်သက်ပြီး တရုတ်အနေဖြင့် တိုးမြင့် စိုးရိမ်ပူပန်နေလျက် ရှိသည်။

အာဖဂန်မှ အမေရိကန်တပ်ဖွဲ့၀င်များ အပြီးသတ်ရုပ်သိမ်းမည့် စက်တင်ဘာ ၁၁ ရက် နောက်ဆုံးသတ်မှတ်ရက် တဖြည်းဖြည်းချင်း နီးကပ်လာနေခြင်းနှင့်အတူ တရုတ်တို့အနေဖြင့် ယင်း၏ အနောက်တောင်ဘက် နယ်စပ်တွင် အာဖဂန်ကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေး ခြိမ်းခြောက်မှုအချို့ကို နှိမ်နင်းရန် အမေရိကန် ရှိနေမှုအပေါ်တွင် မှီခိုအားထားနိုင်တော့မည် မဟုတ်ပေ။

“တရုတ်ဟာ အာဖဂန်နစ္စတန်မှာ အမေရိကန် တပ်တွေ ရှိနေမှုကနေ အဓိက အကျိုးခံစားရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်၊ ပြီးတော့ အဲဒါက မကြာခင်မှာပဲ ထင်ရှားပေါ်လွင်လာပါလိမ့်မယ်” ဟု ဝါရှင်တန်အခြေစိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Center for New American Security မှ အင်ဒို-ပစိဖိတ် လုံခြုံရေးပရိုဂရမ် ညွှန်ကြားရေးမှူး လီဆာ ကားတစ်က ပြောသည်။

“အာဖဂန်နစ္စတန်ကနေ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့၀င်တွေ အပြည့်အ၀ ရုပ်သိမ်းမှုကြောင့် တရုတ်ဟာ ယင်းရဲ့ ကိုယ်ပိုင် (အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး) အကျိုးတရားတွေကို ကာကွယ်ဖို့ နည်းလမ်းတစ်ခု ရှာသွားရပါတော့မယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေး အခြေအနေ ယိုယွင်းဆိုးရွားလာမှုနှင့်ပတ်သက်သည့် လက္ခဏာရပ်များလည်း ထွက်ပေါ်ထားနှင့်ပြီး ဖြစ်သည်။ တာလီဘန်တို့သည် ဇွန်လ ၂၀ ရက်က နိုင်ငံမြောက်ပိုင်း ပြည်နယ်မြို့တော်နှစ်ခုသို့ ၀င်‌ရောက်ခဲ့ပြီး ကဘူးလ်မြို့ရှိ အစိုးရအပေါ် ချုပ်ကိုင်မှု ပိုမိုတင်းကျပ်လာခဲ့ချိန် အာဖဂန်ရှိ တရုတ်သံရုံးသည် ၎င်းတို့နိုင်ငံသားများ ယင်းနိုင်ငံကနေ ထွက်ခွာကြရန်အတွက် ပြီးခဲ့သည့်အပတ်တွင် တိုက်တွန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ရသည်။

ပြီးခဲ့သည့်လကလည်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်က အာဖဂန်တွင် အကြမ်းဖက်မှု အရှိန်မြင့်လာမှုအတွက် ယင်းနိုင်ငံကနေ တပ်ဖွဲ့၀င်များ ဆုတ်ခွာမည့် ဝါရှင်တန်၏ “ရုတ်ခြည်း” ကြေညာချက်ထုတ်မှုအပေါ် အပြစ်ဖို့ခဲ့သည်။

သို့သော် ဆယ်စုနှစ်နှစ်စုနီးပါးကြာ ယင်းဒေသရှိ လုံခြုံရေး၀န်ထုပ်၀န်ပိုးကို ပခုံးထမ်းရန် အမေရိကန်အပေါ် မှီခိုအားပြုနိုင်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံရှိ ပါဝါဟာကွက်တစ်ခုနှင့်ပတ်သက်သည့် ပေကျင်း၏ စိုးရိမ်ပူပန်မှုနှင့်ပတ်သက်၍မူ ဟာချွန်ယင်က မဖွင့်ဟဘဲ ချန်ထားခဲ့သည်။

အာဖဂန်နစ္စတန်တွင် ဆိုဗီယက်စစ်ပွဲ အပြီးနောက်ပိုင်း ၁၉၉၀ ပြည့်နှစ်တွင် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဆိုးကျိုးနှင့် ဆင်တူသည့် ယိုယွင်းပျက်ပြားမှုတစ်ခု ဖြစ်လာမည်ကို အများအပြားက စိုးရိမ်ပူပန်နေကြသည်။ ယိုယွင်းပျက်ပြားမှုတစ်ခုက ယခုအခါ ဒေသ၏ တည်ငြိမ်အေးချမ်းမှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်လျက် ရှိစဥ် တရုတ်သည် ကာလတာရှည်ခဲ့သည့် စစ်ပွဲ၏ နောက်ဆုံးအဆင့်ကို စီမံခန့်ခွဲရန် လုပ်နိုင်သည့်အရာများကို လုပ်ဆောင်လျက်ရှိသည်။

ဒေသတွင်း၌ အဖွဲ့အစည်းအုပ်စုများ၏ အကြမ်းဖက်မှု ခြိမ်းခြောက်မှုများနှင့်အတူ ၉/၁၁ တိုက်ခိုက်မှုဖြစ်စဥ်နောက်ပိုင်း အမေရိကန်တို့ အာဖဂန်ကို ၀င်ရောက်ခဲ့ပြီးနောက် နှစ်များအတွင်း ဗဟိုအာရှရှိ တရုတ်၏ အကျိုးစီးပွားများနှင့် ရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာ ကြီးထွားထားခဲ့သည်။

ပေကျင်းသည် အာဖဂန်နစ္စတန်နှင့်ပတ်သက်ပြီး အနည်းနှင့်အများဆိုသလို မတင်မကျ ဖြစ်နေခဲ့သော်လည်း အမေရိကန်တို့ ထားခဲ့သည့် ဟာကွက်အရ တရုတ်အနေဖြင့် ယင်းတို့ ထုံးစံအတိုင်း ထုတ်ပြထားခဲ့သည့်ထက် ပိုမိုသော သံတမန်ရေးနှင့် ကြား၀င်ရေးဆိုင်ရာ လုပ်နိုင်စွမ်းကို ထုတ်ပြရန် လိုအပ်နိုင်ကြောင်း အကဲခတ်များက ပြောဆိုကြသည်။

တရုတ်သည် တာလီဘန်နှင့်အကြား တိုက်ရိုက်အရသော်လည်းကောင်း၊ နှစ်ဘက်စလုံးနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ပါကစ္စတန်ကနေတဆင့် အရသော်လည်းကောင်း ပတ်သက်ဆက်ဆံမှု ရှိထားခဲ့သည်။ တရုတ်ဆန့်ကျင်သော အစွန်းရောက်အဖွဲ့များကို လက်ခံခိုလှုံခွင့်ပေးမည့် အလားအလာအပေါ် သတိထားခြင်းနှင့်အတူ ပေကျင်းဘက်က တာလီဘန်တို့နှင့်ပတ်သက်ပြီး လုံးလုံးလျားလျား စိတ်အေးလက်အေး ရှိနေလိမ့်ရန်မှာ ဖြစ်နိုင်ဖွယ် မရှိပေ။ သို့ရာတွင် လက်တွေ့ဆန်သော နည်းလမ်းတစ်ခုအနေဖြင့် ယင်းကဲ့သို့ အစွန်းရောက်သမားများကို လက်ခံခိုလှုံခွင့် မပေးရေး သဘောတူညီချက်များ ရယူနိုင်ရန် မျှော်လင့်ချက်များနှင့်အတူ အဖွဲ့နှင့် အတူလုပ်လုပ်ရန်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။

တာလီဘန်နှင့်အကြား ဆက်ဆံမှုက တရုတ်ကို ဒေသတွင်း၌ သြဇာလွှမ်းမိုးမှုဆိုင်ရာ ချဲ့ထွင်မှုတစ်ခုကို ပေးအပ်နိုင်သည်။ တရုတ်သည် ယင်းဒေသတွင် ယင်း၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း (BRI) စီမံကိန်းကနေတဆင့် အဓိကကျသည့် တည်ရှိမှုအနေအထားတစ်ခုကို ထူထောင်ထားပြီးဖြစ်သည်။

မဝေးသော အနာဂတ်တစ်ခုတွင် အာဖဂန်နစ္စတန်၌ BRI သို့မဟုတ် အခြားရင်းနှီးမြှုပ်နှံမှုများအတွက် မျှော်လင့်ချက်များမှာ နည်းပါးနေသည်ဆိုသော်လည်း အာဖဂန်နစ္စတန်တွင် မတည်မငြိမ်ဖြစ်မှုက တရုတ်တို့ လုပ်ဆောင်ဆဲ ပရောဂျက်များ ရှိထားသည့် အနီးဘေးပတ်၀န်းကျင် နိုင်ငံများထံသို့ သက်ရောက်မှုများ ကူးစက်နိုင်သည့် အခြေအနေလည်း ရှိနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required