အိန္ဒိယက အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်သွင်းမှုများကို လျှော့ချပြီး အခြားဒေသများမှ ပိုမိုဝယ်ယူမည်

အိန္ဒိယက အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်သွင်းမှုများကို လျှော့ချပြီး အခြားဒေသများမှ ပိုမိုဝယ်ယူမည်

ရေနံစိမ်းများ ဝယ်ယူသည့် နိုင်ငံများအပြောင်းအလဲ ပြုလုပ်ရန် ဆောင်ရွက်ချက်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကမ္ဘာပေါ်တွင် ရေနံတင်သွင်းမှု တတိယအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံက အရှေ့အလယ်ပိုင်းဒေသမှ ရေနံဝယ်ယူခြင်းကို သိသာစွာ လျှော့ချလိုက်သည်။

မေလအတွင်း အရှေ့အလယ်ပိုင်းမှ ရေနံတင်သွင်းမှုသည် ၂၅ လအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ကုန်ပစ္စည်းပို့ဆောင်ရေးကဏ္ဍမှ ရရှိသော ရေနံတင်သင်္ဘောဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

အစိုးရ၏ အပြောင်းအလဲ ပြုလုပ်သည့် အစီအစဉ်ကြောင့် ရေနံချက် စက်ရုံများသည်လည်း အခြားနိုင်ငံများမှ ဝယ်ယူနိုင်မည့် နည်းလမ်းများကို ရှာဖွေလာကြသည်။

အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်သွင်းမှ ပမာဏသည် ဧပြီလအတွင်းက ၆၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သော်လည်း ပြီးခဲ့သည့်လအတွင်း ၅၂ ဒသမ ၇ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလနောက်ပိုင်း အနိမ့်ဆုံးပမာဏ ဖြစ်ခဲ့သည်။

အိန္ဒိယသည် ရေနံများကို အီရတ်မှ အဓိက ဝယ်ယူပြီး ဒုတိယအများဆုံး ဝယ်ယူသည့်ဆော်ဒီအာရေဗျမှ တင်သွင်းမှုသည် ယမန်နှစ်ထက် ၄ ပုံ ၁ ပုံကျဆင်းသွားသည်။ အာရပ်စော်ဘွားများနိုင်ငံမှ ရေနံဝယ်ယူသည့် အဆင့် ၃ နေရာ၌ ဧပြီလတွင် ရှိခဲ့သော်လည်း ၃၉ ရာခိုင်နှုန်းကျဆင်းကာ အဆင့် ၇ သို့ ကျဆင်းသွားသည်။

ရေနံစက်ရုံများက လက်တင်အမေရိက၊ အမေရိကန်နှင့် မြေထဲပင်လယ်ဒေသများမှ ရေနံများကို ပိုမို တင်သွင်းလာခဲ့သည်။

“အိန္ဒိယ ရေနံစက်ရုံတွေက အမေရိကန်က ရေနံတွေကို မတ်လအတွင်း ပိုမိုဝယ်ယူခဲ့ကြတယ်။ လာမယ့်လတွေမှာ နိုင်ငံရဲ့ ဓာတ်ဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်” ဟု Refinitiv ကုမ္ပဏီမှ ရေနံလုပ်ငန်းလေ့လာသုံးသပ်သူနှင့် ခန့်မှန်းတွက်ချက်ရေးခေါင်းဆောင် အာဆန်အူကတ်က ပြောကြားသည်။

ရေနံထုတ်လုပ်မှု လျှော့ချခြင်းကို ဖြေလျော့ပေးရန်အိန္ဒိယအစိုးရ၏ တောင်းဆိုမှုကို အိုပက်နှင့် အခြားမဟာမိတ်နိုင်ငံများက လစ်လျူရှုခဲ့ခြင်းကြောင့် အစိုးရက ရေနံထုတ်လုပ်သူများကို အခြားနိုင်ငံများမှ ရေနံဝယ်ယူရန် ညွှန်ကြားခဲ့ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

အိန္ဒိယနိုင်ငံသည် မေလအတွင်းက တစ်နေ့လျှင် ရေနံ စည်ပေါင်း ၄ ဒသမ ၂ သန်း တင်သွင်းခဲ့ရာ ယခင်လထက် အနည်းငယ်သာ လျော့ကျခဲ့သော်လည်း ယမန်နှစ်ကထက် ၃၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်နေသေးသည်။

အိန္ဒိယသည် အီရတ်မှ ရေနံအများဆုံး ဝယ်ယူပြီး ဆော်ဒီအာရေဗျ၊ ယူအေအီး တို့သည် ဒုတိယနှင့် တတိယနေများတွင်ရှိကာ နိုင်ဂျီးရီးယားက ဗင်နီဇွဲလားကို ကျော်တက်ကာ စတုတ္ထနေရာတွင် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required