စစ်တွေမြို့က အမျိုးသမီးတစ်ဦး ကိုဗစ်ပိုးကူးစက်ခံရလို့ သေဆုံး

စစ်တွေမြို့က အမျိုးသမီးတစ်ဦး ကိုဗစ်ပိုးကူးစက်ခံရလို့ သေဆုံး
ဓာတ်ပုံ- (ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)

ဇွန် ၂၈

ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော် စစ်တွေမြို့မှာ အသက် (၃၅) နှစ်အရွယ် လူလတ်ပိုင်းအမျိုးသမီးတစ်ဦး ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရလို့ ဆေးကုသမှု ခံယူနေစဉ်အတွင်း ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ပြောခွင့်ရသူ ဒေါက်တာစိုးဝင်းပိုင်က မဇ္ဈိမကို ပြောပါတယ်။

အခုသေဆုံးသူအမျိုးသမီးဟာ ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူမဟုတ်ဘဲ ဆီးချိုရောဂါနဲ့ စစ်တွေဆေးရုံကို လာရောက်ပြသစဉ် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ့ရှိတဲ့အတွက် ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့  ပြည်နယ်ကျန်းမာရေးဌာနက ပြောပါတယ်။
“ဆေးရုံတက်တာကတော့ တခြားရောဂါနဲ့ တက်တာပါ။ ဆီးချိုရှိတာပေါ့နော်။ ဆီးချိုမြင့်နေတယ်။ သူကအသက်ရှုနည်းနည်းမောတာပေါ့နော်။ မောတဲ့ပုံစံတွေ့တော့ သံသယရှိလို့ဆိုပြီးတော့ မနေ့ကစစ်လိုက်တာ။ မနေ့ကစစ်တော့ မနေ့က Positive ထွက်ပါတယ်။ ဒီနေ့မနက်မှာ ဆုံးသွားတာပေါ့” လို့ ဒေါက်တာစိုးဝင်းပိုင်က မဇ္ဈိမကို ပြောပါတယ်။

အခုသေဆုံးသွားတဲ့အမျိုးသမီးဟာ ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါ တတိယလိုင်းအတွင်း စစ်တွေမြို့မှာ ပထမဆုံး သေဆုံးတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ 

ရခိုင်က ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသား လူ သုံးဦးမှာလည်း ကိုဗစ်ပိုးထပ်မံတွေ့ရှိပြီး ကူးစက်ခံထား ရတဲ့အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါ တတိယလိုင်းအတွင်း ဇွန်လ ၂၇ ရက်နေ့အထိ အတည်ပြုလူနာ ၁၁၄ ဦး တွေ့ရှိထားပြီး စစ်တွေမြို့မှာ ၈၀ ဦး၊ သံတွဲမှာ ၂၃ ဦးနဲ့ မောင်တောက ၁၁ ဦး ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေး စာရင်းတွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly