ဆီးရီးယား တိုက်ပွဲများတွင် မပါ၀င်ပဲ မတူညီသည့် မဟာဗျူဟာ ချမှတ်ရန်လိုဟု အီတလီပြော

ဆီးရီးယား တိုက်ပွဲများတွင် မပါ၀င်ပဲ မတူညီသည့် မဟာဗျူဟာ ချမှတ်ရန်လိုဟု အီတလီပြော

ရောမ၊ ဒီဇင်ဘာ ၇ ။           ။ ဆီးရီးယားရှိ အိုင်အက်စ်အကြမ်းဖက်ပစ်မှတ်များကို တိုက်ခိုက်နေသော အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်လိုခြင်းမရှိသေးဟု အီတလီဝန်ကြီးချုပ် မက်တီအို ရန်ဇီက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

တစ်ဆက်တည်းတွင် ပူးပေါင်းအဖွဲ့က ပြုလုပ်နေသည့် လေကြောင်းထိုးစစ်များသည် ဒေသတွင်း မတည်မငြိမ်မှုများကိုသာ ထပ်မံဖြစ်ပေါ်စေလိမ့်မည်ဟု ၎င်းက သတိပေးလိုက်သည်။

ယခင်တစ်ပတ်က ဆီးရီးယားရှိ အိုင်အက်စ်တို့အပေါ် ထိုးစစ်ဆင်မှုများတွင် ပါဝင်ရန် ပါလီမန်အတွင်း သဘောတူညီမှုရရှိခဲ့သည့် ဗြိတိန်နိုင်ငံအတိုင်း လိုက်လံဆောင်ရွက်ရန် နိုင်ငံရှိ အတိုက်အခံ အုပ်စုဘက်က ဝန်ကြီးချုပ် ရန်ဇီအား တွန်းအားပေးမှုများ ရှိခဲ့သည်။ သို့သော် အီတလီအနေဖြင့် ဆက်လက်၍ ဘေးထိုင်နေဦးမည်ပင်ဖြစ်ကြောင်း ရန်ဇီက ကော်ရီရာရီ ဒယ်လာ ဆီရာ သတင်းစာသို့ ဆိုသည်။

"အီတလီ ရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းခိုင်မာမှု ရှိပါတယ်၊ ကျွန်တော်တို့လည်း အကြမ်းဖက်သမားတွေကို ရှင်းလင်းသုတ်သင်ချင်တာပေါ့၊ ဒါပေမယ့် မဟာဗျူဟာကျ အယူအဆတစ်ခုမရှိပဲ အလုပ်တစ်ခုကို အလျင်စလို တုန့်ပြန်လုပ်ဆောင်မှုမျိုးတွေ လုပ်ဖို့မလိုပါဘူး" ဟု ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ်က လစ်ဗျားအာဏာရှင် ကဒါဖီအား ဖြုတ်ချရန် သူပုန်တပ်ဖွဲ့များကို ကူညီကာ နေတိုးတပ်ဖွဲ့၏ လေကြောင်းတိုက်ပွဲဆင်နွဲခဲ့မှု ဖြစ်စဉ်နှင့် ရန်ဇီက နှိုင်းယှဉ် ပြောကြားသွားခဲ့သည်။ ယင်းသို့ ကူညီလုပ်ဆောင်ပေးမှုများနောက်ပိုင်း လစ်ဗျားနိုင်ငံတွင် လေးနှစ်ကျော်ကြာ ပြည်တွင်း စစ်မီးဆက်လက်လောင်ကျွမ်းမှုသာ အဖတ်တင်နေခဲ့ကြောင်း ၎င်းက ဥပမာပေးသည်။

အီတလီနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ရန် ယင်းအချိန်က ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီက တွန်းအားပေးခဲ့ကြောင်းလည်း ရန်ဇီက ဆိုခဲ့သေးသည်။ "အဲဒါက သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်မဟုတ်ခဲ့ဘူးဆိုတာကို လစ်ဗျားရဲ့ လေးနှစ်ကြာ ပြည်တွင်းစစ်ပွဲတွေက ပြသနေပါတယ်၊ ဒီကနေ့မှာဆိုရင် မတူညီတဲ့ မဟာဗျူဟာတစ်ရပ်တော့ လိုနေပါပြီ" ဟု ၎င်းက ပြောကြား သည်။

လက်ရှိတွင် အမေရိကန်နှင့် ယင်း၏ မဟာမိတ်နိုင်ငံများသည် အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့ရှိ အိုင်အက်စ်တို့အပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly