ချောင်းသာကမ်းခြေတွင် လင်းပိုင်အရှင် သုံးကောင် လာရောက်ကမ်းတင်

ချောင်းသာကမ်းခြေတွင် လင်းပိုင်အရှင် သုံးကောင် လာရောက်ကမ်းတင်

ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေအနီးတွင် ဇွန်လ ၂၇ရက်နေ့ နေ့လည်ပိုင်းက လင်းပိုင် (ဒေသအခေါ် လင်းရှူး) အရှင်သုံးကောင် လာရောက်သောင်တင်ခဲ့ပါတယ်။

ဂျိုင်ကြီးကမ်းခြေအနီးတွင် နံနက် ၁၁နာရီခန့်က လင်းပိုင်နှစ်ကောင် လာရောက်ကမ်းတင်နေသည်ကို တွေ့ရသောကြောင့် ငါးလုပ်ငန်းဦးစီးဌာနက သွားရောက်ကြည့်ရှု့ခဲ့ပြီး စက်လှေများနဲ့ တင်ဆောင်ကာ သဲဖြူကျွန်း အနောက်ဖက်ရှိ ကျောက်ဖားကြီးကျွန်းအနီး ရေအေးစီးကြောင်းအနီးတွင် သွားရောက်လွှတ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လာရောက်သောင်တင်တဲ့ လင်းပိုင်နှစ်ကောင်အနက် တစ်ကောင်မှာ အလျား ၆ ပေ ၁ လက်မ၊ လုံးပတ် ၂ ပေ ၇ လက်မ၊ အမြီး ၁ ပေ ၄ လက်မ၊ အပေါ်ရေယက် ၇ လက်မ၊ ဘေးရေယက် ၉ လက်မရှိပြီး၊ ကျန်တစ်ကောင်မှာ အလျား ၆ ပေ ၃ လက်မ၊ လုံးပတ် ၂ ပေ ၇ လက်မ၊ အမြီး ၁ ပေ ၉ လက်မ၊ အပေါ်ရေယက် ၇ လက်မ၊ ဘေးရေယက် ၉ လက်မရှိကြောင်း သိရသည်။

ရွှေဟင်္သာဟော်တယ်ရှေ့တွင်လည်း နေ့လည် ၂နာရီခန့်က လင်းပိုင်တစ်ကောင် ထပ်မံလာရောက်သောင်တင်ခဲ့ပြီး ကျောက်ဖားကြီးကျွန်းအနီးသို့ ထပ်မံသွားရောက် လွှတ်ပေးခဲ့ရကြောင်း သိရသည်။

“ဒီနေ့က သုံးခါတောင် လာပြီးတင်တာ၊ ပထမနှစ်ကောင်ကို လွှတ်ပေးပြီးတော့ နောက်တစ်ကောင် ထပ်တွေ့တယ် ညနေပိုင်းလည်းကျရော မနက်က လွှတ်ပေးလိုက်တဲ့ နှစ်ကောင်ထဲက တစ်ကောင်က ပြန်ရောက်လာပြန်ရော အဲ့ဒါနဲ့ တစ်ခေါက်သွားထပ်ပို့ကြတယ်၊ သူတို့က လာတော့လာတတ်တယ် ရေစီးကြောင်းပြောင်းပြီးတော့ ဝင်လာတတ်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly