ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရန် ဗိုင်းရပ်ဆိုင်ရာ ပိတ်ပင်မှုသစ်များ ချမှတ်မည်ဟု ထိုင်း ကြေညာ

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရန် ဗိုင်းရပ်ဆိုင်ရာ ပိတ်ပင်မှုသစ်များ ချမှတ်မည်ဟု ထိုင်း ကြေညာ
Photo - AFP

ဇွန် ၂၇

ထိုင်းနိုင်ငံတွင် ဇွန်လ ၂၈ ရက်မှစ၍ မြို့တော် ဘန်ကောက်နှင့် အနီး၀န်းကျင် ဆင်ခြေဖုံးဧရိယာများတွင် ကိုဗစ်-၁၉ ပိတ်ပင်ကန့်သတ်မှုသစ်များ ချမှတ်မည် ဖြစ်ပြီး စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးဆိုဒ်များနှင့် လူစုဝေးခြင်းတို့အပေါ် ကန့်သတ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်တို့သည် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းတစ်ခုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရချိန် ယခုကဲ့သို့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး ပိတ်ပင်မှုများ ချမှတ်လာခြင်း ဖြစ်သည်။

ကူးစက်မှုနှုန်း နိမ့်ကျနေစေရန်အတွက် ထိန်းချုပ်ရာတွင် တစ်နှစ်တာခန့် အထိုက်အလျောက် အောင်မြင်မှုများ ရခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလက နောက်ထပ် ကူးစက်မှုလှိုင်းတစ်ခုကို စတင်ရင်ဆိုင်ခဲ့ရပြီး ယင်းအချိန်က လူချမ်းသာများ လာလေ့ရှိသည့် ဘန်ကောက်မြို့ ကလပ်များတွင် အစုအဝေးပုံစံ ကူးစက်မှုတစ်ခုကို စတင်တွေ့ရှိခဲ့ရသည်။

ယင်းနောက်ပိုင်းမှစ၍ နိုင်ငံတွင် လူပြည့်သိပ်နေသော အကျဥ်းထောင်များထဲ ဗိုင်းရပ်စ် ကူးစက်ခံရသူအများအပြားကို တွေ့ရှိခဲ့သလို ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းများတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရသည့် ရွှေ့ပြောင်းလုပ်သားများအကြားတွင်လည်း ဗိုင်းရပ်စ် ကူးစက်မှုများကို တွေ့ရှိခဲ့ရသည်။

ယခု ပိတ်ပင်ကန့်သတ်မှုသစ်များသည် တနင်္လာနေ့တွင် စတင်မည်ဖြစ်ပြီး တစ်လကြာ အသက်၀င်နေမည်ဖြစ်ကြောင်း အစိုးရက ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ညွှန်ကြားချက်တစ်ရပ်ထဲတွင် ပြောထားသည်။

ပိတ်ပင်ချက်များထဲတွင် ဘန်ကောက်နှင့် အနီး၀န်းကျင်ဧရိယာများရှိ ဆောက်လုပ်ရေးဆိုဒ်များ ပိတ်ထားခြင်း၊ အလုပ်သမားများကို ပြင်ပထွက်ခွာခွင့် တားမြစ်ခြင်း၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်မှုအပေါ် ပိတ်ပင်ခြင်းနှင့် အများဆုံး လူ ၂၀ ထက် ပိုမစုဝေးစေရန် ပိတ်ပင်ခြင်း တို့ ပါ၀င်သည်။

ထို့ပြင် နိုင်ငံ၏ တောင်ဘက်စွန်း ပြည်နယ်များဖြစ်သည့် နာရာသီ၀ပ်၊ ပတ္တနီ၊ ယာလာနှင့် ဆုန်ခလာ တို့တွင်လည်း စစ်ဆေး‌ရေးဂိတ်များ ထားရှိမည်ဖြစ်သည်။ ခရီးသွားများအနေဖြင့် ထွက်ခွာရန် သို့မဟုတ် ၀င်ရောက်ရန် ရည်ရွယ်ချက်ထုတ်ဖော်ထားသည့် စာကို ပြသရန် လိုအပ်မည်ဖြစ်သည်။

ယင်းနိုင်ငံတွင် အာဏာပိုင်များသည် ကိုဗစ်ကာကွယ်ဆေးများ တင်သွင်းနိုင်ရန် အပြင်းအထန် ကြိုးပမ်းလျက်ရှိစဥ် ကာကွယ်ဆေး ဖြန့်ကျက်မှု တုံ့ဆိုင်းနေမှုအတွက် အစိုးရအ‌ပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများလည်း ရှိထားခဲ့သည်။

ထိုင်း၀န်ကြီးချုပ် ပရာယွတ်က ၎င်းအနေဖြင့် နိုင်ငံကို အောက်တိုဘာလမတိုင်မီ အပြည့်အ၀ ပြန်လည်ဖွင့်လှစ်ရန် စီစဥ်ထားကြောင်း၊ ယင်းအတွက်ဆိုလျင် ၎င်းတို့အစိုးရအနေဖြင့် လေးလအတွင်း ထိုင်းနိုင်ငံသား သန်း ၅၀ ကို ကာကွယ်ဆေးထိုးပေးမည့် ရည်မှန်းချက် ပြည့်မီရန် လိုအပ်မည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။

လက်ရှိအချိန်အထိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်သာလျင် ကာကွယ်ဆေးထိုးနှံမှု ခံယူထားရသေးသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၂၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၁,၉၀၀ ကျော် ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly