သမ္မတရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့သူတွေ ဖမ်းမိဖို့ ကိုလံဘီယာက ဒေါ်လာ ၈ သိန်း ဆုငွေထုတ်

သမ္မတရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့သူတွေ ဖမ်းမိဖို့ ကိုလံဘီယာက ဒေါ်လာ ၈ သိန်း ဆုငွေထုတ်
Photo - AFP

ဇွန် ၂၇

ကိုလံဘီယာသမ္မတ အိုင်ဗန် ဒူကွေး လိုက်ပါစီးနင်းခဲ့တဲ့ ရဟတ်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ လက်သည်တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဆုငွေ ဒေါ်လာ ရှစ်သိန်းနီးပါး ပေးမယ်လို့ ကိုလံဘီယာအစိုးရက ဇွန်လ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က သမ္မတ ဒူကွေးနဲ့ အစိုးရအဖွဲ့၀န်ကြီးတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စင်းဟာ ဗင်နီဇွဲလားနိုင်ငံ နယ်စပ်အနီးမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ခုလိုမျိုး ကိုလံဘီယာအာဏာပိုင်တွေက တရားခံဖမ်းမိဖို့ ဆုငွေထုတ်ခဲ့တာဖြစ်ပါတယ်။

 “ဒီအကြမ်းဖက် တိုက်ခိုက်မှုအတွက် တာ၀န်ရှိတဲ့သူတွေကို ဖမ်းမိဖို့ သတင်းပေးသူကို ဆုငွေ ပီဆို ၃ ဘီလီယံအထိ ပေးသွားပါမယ်” လို့ ကိုလံဘီယာ ကာကွယ်ရေး၀န်ကြီး ဒီယေဂို မိုလာနိုက မြောက်ပိုင်းနယ်စပ်မြို့ ကူကူတာကနေတဆင့် ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ပြောခဲ့ပါတယ်။

သမ္မတ ဒူကွေးရဲ့ ရဟတ်ယာဉ်ဟာ ဆာဒီနာတာ မြို့ကနေ ထွက်ခွာပြီး ကူကူတာ လေဆိပ်ဆီ ဆိုက်ကပ်ဖို့ ချဉ်းကပ်ခဲ့ချိန် ရိုင်ဖယ်သေနတ်တွေနဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

သမ္မတ ဒူကွေးဟာ ယင်းခရီးစဉ်မှာ ကာကွယ်ရေး၀န်ကြီး မိုလာနို၊ ပြည်တွင်းရေး၀န်ကြီး ဒန်နီယယ် ပယ်လက်စီယိုစ်အပြင် အခြားအရာရှိတွေနဲ့အတူ ရဟတ်ယာဉ်နဲ့ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာသူ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပေမယ့် ရဟတ်ယာဉ်ကတော့ အမြီးပိုင်းနဲ့ အဓိက ပန်ကာရွက်တစ်ခုတို့မှာ ထိမှန်ပျက်စီးခဲ့တာကို သမ္မတရုံးက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။

လုံခြုံရေးအဖွဲ့တစ်ခု ကူကူတာ အနီး၀န်းကျင်ကို ချက်ချင်း သွားရောက်ရှာဖွေရာမှာ ရိုင်ဖယ်နှစ်လက် တွေ့ခဲ့ရပြီး ပိုင်ရှင် မသိရသေးကြောင်း၊ တွေ့ခဲ့တဲ့ လက်နက်တွေကတော့ အေကေ ၄၇ တစ်လက်နဲ့ ဗင်နီဇွဲလားစစ်တပ် အမှတ်တံဆိပ်ပါ ၇ ဒသမ ၆၂ ရိုင်ဖယ်တစ်လက်တို့ တွေ့ခဲ့ရတယ်လို့ ကိုလံဘီယာ ရဲချုပ် ဂျော့ဂျ် ဗားဂက်စ်က ပြောပါတယ်။

ဗင်နီဇွဲလားရဲ့ ဆိုရှယ်လစ် ခေါင်းဆောင် နီကိုလပ်စ် မာဒူရိုဟာ ကိုလံဘီယာအစိုးရရဲ့ အတိုက်အခံတွေနဲ့ လက်နက်ကိုင် သူပုန်တိုက်ခိုက်‌ရေးသမားတွေကို ခိုလှုံရာနေရာတွေ ပေးနေတယ်ဆိုပြီး ကိုလံဘီယာ သမ္မတ ဒူကွေးက ထပ်တလဲလဲ စွပ်စွဲပြောဆိုထားခဲ့ပါတယ်။

ကိုလံဘီယာမှာ သမ္မတ ဒူကွေး ၂၀၁၈ ခုနှစ်က အာဏာရလာခဲ့ပြီးနောက် ဘိုဂိုတာနဲ့ ကာရာကက်စ်အကြား သံတမန် ဆက်ဆံရေး ပြတ်တောက်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly