ဂျာမနီမှာ ဆိုမာလီတစ်ဦး ဓားကိုင်တိုက်ခိုက်တာကြောင့် လူ ၃ ဦး သေဆုံး 

ဂျာမနီမှာ ဆိုမာလီတစ်ဦး ဓားကိုင်တိုက်ခိုက်တာကြောင့် လူ ၃ ဦး သေဆုံး 
Photo - AFP

ဇွန် ၂၆

ဂျာမနီနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ ဆိုမာလီတစ်ဦးဟာ တောင်ပိုင်း ဝေါ့ဇဘတ်မြို့မှာ မကြုံစဖူး ရမ်းရမ်းကားကား ဓားကိုင်တိုက်ခိုက်တာကြောင့် လူ သုံးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

အသက် ၂၄ နှစ်ရှိ အဲဒီ သံသယရှိသူဟာ မြို့လယ်မှာ ညနေ ငါးနာရီ ဝန်းကျင်လောက်က စတင်တိုက်ခိုက်တာ ဖြစ်ပြီး အိမ်သုံးပစ္စည်းစတိုးဆိုင်တစ်ဆိုင်မှာ တိုက်ခိုက်မှု ကျူးလွန်ကာ ဘဏ်တစ်ဘဏ်ကိုလည်း ဝင်ရောက်သောင်းကျန်းခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ်ကတည်းက ဝေါ့ဇဘတ်မြို့မှာ နေထိုင်နေတဲ့ အဲဒီ အမျိုးသားကို ရဲက ပေါင်ကို ပစ်ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်ရတာဖြစ်တယ်လို့ ဘာဗားရီးယားပြည်နယ် ပြည်ထဲရေးဝန်ကြီး ဟားမန်းက ပြောပါတယ်။ 

“ဒီ ဓားကိုင်တိုက်ခိုက်မှုမှာ သုံးဦး သေဆုံးရပြီး အခြား ငါးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့ ဒဏ်ရာအပြင်းဆုံးလူ အသက်ရှင်ပါ့မလားတောင် မသေချာဘူး”လို့ သူက ထပ်လောင်းပြောပါတယ်။ 

အခု တိုက်ခိုက်သူဟာ စိတ်ကျန်းမာရေး ကုသနေရတဲ့ မှတ်တမ်းတွေကို စုံစမ်းစစ်ဆေးသူတွေ ရှာဖွေတွေ့ရှိကြောင်း ဟားမန်းက ပြောပေမယ့် စိတ်ကျန်းမာရေးဆေးရုံမှာ ဘယ်လောက်ကြာကြာ နေခဲ့ရသလဲဆိုတာ အသေးစိတ် မသိနိုင်သေးဘူးလို့ ဖြည့်စွက်ဆိုပါတယ်။ 

“အစ္စလာမ္မစ်အစွန်းရောက် လုပ်ရပ်လား၊ ဒါမှမဟုတ် စိတ်ဖောက်ပြီး ကျူးလွန်တာလားဆိုတာကို ရဲစုံစမ်းရေးဌာနအနေနဲ့ အဖြေဖော်ထုတ်သွားပါမယ်”လို့ ဟားမန်းက ပြောပါတယ်။ 

တကယ့်ကို ရှားရှားပါးပါး ရက်စက်တဲ့ တိုက်ခိုက်မှုလို့ ကယ်ဆယ်ရေးသမားတွေ ပြောထားတဲ့ ဒီ တိုက်ခိုက်မှုကို ကျူးလွန်တဲ့အချိန်မှာ အဲဒီ လူက ‘အလာဟ်အက်ဘာ(အလာဟ်ရှင်မြတ် အကြီးမြတ်ဆုံး)လို့ ဟစ်အော်ခဲ့တယ်လို့ မျက်မြင်တစ်ဦးက ပြောကြောင်း သူက ဆိုပါတယ်။ 

“နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေကနေ ဖော်ထုတ်သွားမှာပါ၊ ဒါပေမဲ့ ကျူးလွန်ရတဲ့ စေ့ဆော်မှုနဲ့ ပတ်သက်လို့တော့ သိပ် များများစားစား သက်သေမရှိဘူး”လို့လည်း ဟားမန်းက ဖြည့်စွက်ပြောပါတယ်။ ဒါပေမဲ့ သံသယရှိသူဟာ လူသိသူသိ အစ္စလာမ်တစ်ဦးတော့ မဟုတ်ဘူးလို့ ရဲဌာနက ပြောပါတယ်။ 

Bild နေ့စဉ်သတင်းစာမှာ သိုးမွေးထည် တီရှပ်လက်ရှည်နဲ့ မီးခိုးရောင် ဘောင်းဘီ ဝတ်ဆင်ထားပြီး ဓားရှည်ကိုင်ဆောင်ထားတဲ့ သံသယရှိ ကျူးလွန်သူရဲ့ ဓာတ်ပုံတစ်ပုံကို ဖော်ပြခဲ့ပါတယ်။ 

အွန်လိုင်းမှာ ပြန့်နှံ့တဲ့ ဗီဒီယိုမှာ လမ်းသွားလမ်းလာတွေဟာ ခေါက်ကုလားထိုင်တွေနဲ့ အဲဒီ ဓားကိုင်တိုက်ခိုက်သူကို တားဆီးဖို့ ကြိုးစားကြတာကို မြင်တွေ့ရပါတယ်။ 

အဲဒီ လူကို လူအုပ်က လိုက်လံဖမ်းဆီးနေချိန် ရဲကားတစ်စီးရောက်လာတဲ့ ဗီဒီယိုလည်း ထွက်ပေါ်ခဲ့ပါတယ်။  

မြို့နေ ၁၃၀၀၀၀ နီးပါးရှိပြီး ဖရန့်ဖတ်မြို့ အနောက်ဖက် ၇၅ မိုင်အကွာက ဖြစ်ပွားရာ ဝေါ့ဇဘတ်မြို့ကို ရဲအင်အား ထူထပ်စွာ ဖြန့်ကြက်ချထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly