အားကစားခုံရုံး၏ ပိတ်ပင်မှုကြောင့် တရုတ်ရေကူးသမား ဆန်ယန်း တိုကျိုအိုလံပစ်ပြိုင်ပွဲကို လွဲချော်မည်

အားကစားခုံရုံး၏ ပိတ်ပင်မှုကြောင့် တရုတ်ရေကူးသမား ဆန်ယန်း တိုကျိုအိုလံပစ်ပြိုင်ပွဲကို လွဲချော်မည်

တရုတ်ရေကူးအကျော်အမော် ဆန်ယန်းကို ၂၀၁၈ ခုနှစ်က အငြင်းပွားဖွယ် တားမြစ်ဆေး စစ်ဆေးမှုကိစ္စတစ်ခုနှင့်ပတ်သက်၍ နိုင်ငံတကာအားကစားခုံရုံး (CAS) က လေးနှစ် နှင့် သုံးလ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် ယခုအခါ ဆန်ယန်းသည် လာမည့်လ တိုကျို ၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲကို လွဲချော်မည်ဖြစ်သည်။

အိုလံပစ် မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ဖြစ်သည့် ဆန်ယန်းကို CAS ခုံရုံးက ၂၀၁၉ ခုနှစ် ကြားနာစစ်ဆေးမှုတစ်ခုအပြီး ကနဦးက ရှစ်နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယင်းနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖေါ်၀ါရီလကို နောက်ကြောင်းပြန် ရက်စွဲသတ်မှတ်ထားသည့် ယခု ဆုံးဖြတ်ချက်သစ်အရ ဆန်ယန်းကို ၂၀၂၄ ပါရီ အားကစားပြိုင်ပွဲကျမှသာ ပြန်မြင်ရနိုင်ပြီး ယင်းအချိန်တွင် ၎င်းသည် အသက် ၃၂ နှစ် ဖြစ်နေမည်ဖြစ်သည်။

ဆွစ်ဇာလန် ဖက်ဒရယ်ခုံအဖွဲ့သည် တရားသူကြီးတစ်ဦး၏ မေးခွန်းထုတ်ဖွယ် ဆိုရှယ်မီဒီယာပို့စ်များကို တွေ့ရှိခဲ့ပြီးနောက်ပိုင်း ဆန်ယန်းအပေါ် ချမှတ်ထားသည့် မူလအစ ပိတ်ပင်ချက်ကို ပယ်ဖျက်ခဲ့သည်။ အငြင်းပွားစရာများ ရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည့် ကြားနာမှုတစ်ခုနောက်ပိုင်း ဆန်ယန်းအပေါ် မူလကနဦး ပိတ်ပင်ချက်ကို ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

ကြားနာမှုအသစ်ကို ပြီးခဲ့သည့်လက လုပ်ဆောင်ခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် စမည့် အားကစားပြိုင်ပွဲ မတိုင်ခင် ဇွန်လကုန်နောက်ဆုံးထားပြီး ဆုံးဖြတ်ချက်တစ်ရပ် အပြီးသတ်ချမှတ်ရန် ကတိပြုထားခဲ့သည်။

ဆန်ယန်း၏ စစ်ဆေးကြားနာမှုသစ်ကို ခွင့်ပြုခဲ့သောအခါ ၎င်းအား နိုင်ငံကိုယ်စားပြုစေရေးနှင့်ပတ်သက်ပြီး မည်သည့် ဆုံးဖြတ်ချက်မှ မချဘဲ စောင့်ဆိုင်းရင်း တရုတ်ဘက်ကလည်း လမ်းဖွင့်ပေးထားခဲ့သည်။

မူလကနဦး ဖြစ်စဥ်သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလက ဟန်ကျိုးမြို့ရှိ တရုတ်ရေကူးသမား ဆန်ယန်း၏ နေအိမ်တွင် ပြိုင်ပွဲပြင်ပ တားမြစ်ဆေး စစ်ဆေးမှုတစ်ခုနှင့် ဆက်နွယ်ပတ်သက်နေသည်။ ထိုဖြစ်စဥ်တွင် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီ (WADA) သည် ဆန်ယန်း နှင့် ကမ္ဘာ့ရေကူးအဖွဲ့ချုပ် (FINA) တို့ကို ယှဥ်ပြိုင်ပြီး CAS ထံ အယူခံ၀င်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ညပိုင်းတွင် တားမြစ်ဆေး စစ်ဆေးရေးအရာရှိများ မည်သူမည်၀ါ ဖြစ်ကြောင်း အထောက်အထားများကို မေးမြန်းပြီးနောက် ဆန်ယန်းနှင့် ၎င်း၏ အဖွဲ့တို့သည် စမ်းသပ်စစ်ဆေးမှု နမူနာများကို ဖျက်ဆီးပစ်ခဲ့သည်။

ပထမဆုံး ကြားနာစစ်ဆေးမှုကို ရေကူးသမား၏ ပန်ကြားချက်အရ လူသိရှင်ကြား လုပ်ဆောင်ခဲ့သည်။ သို့သော် ယခု ကြားနာမှုအသစ်ကို သီးသန့်အဖြစ်သာ လုပ်ဆောင်ခဲ့သည်။ ဆန်ယန်း သည် တောင်ကိုရီးယား၌ ကျင်းပသော ၂၀၁၉ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲနောက်ပိုင်း ရေကူးပြိုင်ပွဲများတွင် ပါ၀င်ထားခြင်း မရှိခဲ့ပေ။

ယနေ့ ဆုံးဖြတ်ချက်ကြောင့် ဆန်ယန်း နှင့် ၎င်း၏ သြစတြေးလျနိုင်ငံသားပြိုင်ဘက် မက်ခ် ဟော်တန် တို့ကို တိုကျိုရှိ ရေကူးကန်တွင် ဆုံတွေ့စေခြင်း မရှိစေရန် သေချာသွားစေခဲ့သည်။ ဟော်တန် သည်လည်း ယခုလအစောပိုင်းက အရည်အချင်း စစ်ဆေးမှုတွင် အောင်မြင်ခဲ့ခြင်းမရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly