ထိုင်းမှာ အကျဉ်းသားတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေး 

ထိုင်းမှာ အကျဉ်းသားတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေး 
Photo - AFP

ဇွန် ၂၅

ထိုင်းနိုင်ငံက လူပြည့်သိပ်တဲ့ အကျဉ်းထောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အမြောက်အမြား ရှိနေတာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ကြိုးပမ်းရင်း သောကြာနေ့မှာ အကျဉ်းသားတွေကို ကာကွယ်ဆေး ထိုးနှံပေးပါတယ်။ 

ဖိနပ်မပါ ခြေဗလာနဲ့ အကျဉ်းသားတွေဟာ အင်္ကျီလက်ကို ပင့်တင်ထားရင်း ဆေးမင်ကြောင်တွေ ထိုးထားတဲ့ လက်မောင်းတွေမှာ ကာကွယ်ဆေး ထိုးနှံခံကြပါတယ်။ 

နိုင်ငံအတွင်းက လူပြည့်သိပ်တဲ့ အကျဉ်းထောင်တွေမှာ မကြာသေးခင်က ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာကို ထိန်းချုပ်နိုင်ရေးအတွက် အာဏာပိုင်တွေအနေနဲ့ ကြိုးပမ်းနေရတာလည်း ဖြစ်ပါတယ်။ 

အကျဉ်းထောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ ၃၅၀၀၀ ကျော်ထက်မနည်း ရှိနေပြီး ထောင်သားတွေကိုလည်း ညအိပ်ရင်တောင် နှာခေါင်းစည်း တပ်ဖို့ ပြောဆိုတိုက်တွန်းထားရပါတယ်။ 

နိုင်ငံအနှံ့က အကျဉ်းထောင်တွေမှာ ကနဦးအသုတ်အဖြစ် Sinonpharm ကာကွယ်ဆေး သုံးသိန်းကို အစိုးရက စတင်ထိုးနှံပေးလာတာပါ။ 

ဘန်ကောက်မြို့တော်ကနေ အနောက်တောင်ဖက်  နှစ်နာရီခရီးမှာ ရှိတဲ့ ချွန်ဘူရီဗဟိုအကျဉ်းထောင်မှာ သောကြာနေ့ နံနက်ပိုင်းက အကျဉ်းသားတွေ တန်းစီပြီး ကာကွယ်ဆေး ထိုးနှံခံကြတာ ဖြစ်ပါတယ်။ 

“ထောင်တွေမှာ လူ ပြည့်သိပ်တာက ဒီ ရောဂါကို ကာကွယ်တားဆီးရေးအတွက် တကယ့် အခက်အခဲ ဖြစ်နေတယ်”လို့ အဲဒီ အကျဉ်းထောင် ညွှန်ကြားရေးမှူး ချန်ဝါချီရာဒက်ရှ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

ဒီ အကျဉ်းထောင်က ထောင်သား ၆၃၀၀ နီးပါးဟာ လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သေးပေမယ့် ဝန်ထမ်းအင်အားနဲ့ စောင့်ကြပ်ကြည့်ရှုနေရတယ်လို့လည်း သူက ဆိုပါတယ်။ 

အကျဉ်းထောင်တိုင်းမှာ အကျဉ်းသားတွေကို ကာကွယ်ဆေး မထိုးနှံပေးခင် တို့ဖတ်နမူနာ စစ်ဆေးတာတွေ ဆောင်ရွက်မှာ ဖြစ်ပြီး အသက်ကြီးပိုင်းနဲ့ ရောဂါကာကွယ်စွမ်း နည်းသူတွေကို ဦးစားပေး ထိုးနှံပေးမှာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ အကျဉ်းသားဦးရေ ၃၁၁၀၀၀ နီးပါးရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဖက်ဒရေးရှင်းအဖွဲ့ရဲ့ ဒီနှစ်အစောပိုင်းက စာရင်းတွေအရ သိရပြီး အကျဉ်းထောင်တွေမှာ ဝင်ဆံ့နိုင်တဲ့ အရေအတွက်ထက် နှစ်ဆခွဲကျော် များပြားနေတာလည်း ဖြစ်ပါတယ်။  

အကျဉ်းသား ငါးဦးမှာ လေးဦးနှုန်းက မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူတွေဖြစ်ပြီး မက်သာဖီတမင်းဆေးပြား အနည်းငယ် လက်ဝက်တွေ့တာနဲ့တောင် ထောင် ဆယ်နှစ်အထိ ချမှတ်နိုင်တဲ့ ပြင်းထန်တဲ့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဥပဒေကြောင့်ပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly