အယ်ဒီတာထံပေးစာ

အယ်ဒီတာထံပေးစာ

အဝေးရောက် မြန်မာနိုင်ငံသားတစ်ဦးဟုဆိုသူ မောင်ဇာနည်က လက်ရှိ အာဏာရ အစိုးရဖြစ်သည့် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံ ပေးပို့သည့် အိတ်ဖွင့်ပေးစာကို မဇ္ဈိမ အယ်ဒီတာ့ ပေးစာကဏ္ဍထံ ပေးပို့ထား၍ ပြန်လည်ဖော်ပြပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်
သမ္မတဦးသိန်းစိန်
တပ်ချုပ်ကြီးမင်းအောင်လှိုင်

ဒီဇင်ဘာလ (၇) ရက်၊၂ဝ၁၅

ခေါင်းဆောင်ကြီးများခင်ဗျား။

မင်္ဂလာပါ

ရာစုနှစ်ဝက်ကြာအာဏာရှင်/ စစ်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီစနစ်ပြောင်းဖို့ ခေါင်းဆောင်ကြီး (၄) ဦး ကိုယ်ဖိရင်ဖိလုပ်ဆောင်မှုတွေကို ဖတ်ရကြားရလို့ မြန်မာတဦးအနေနဲ့ အထူးဝမ်းမြောက်မိပါတယ်။

အလားတူပဲ ရာစုနှစ်ပေါင်းများစွာရှင်သန်ခဲ့တဲ့ “ငါ့ခေါင်းစား၊ ငါတပါးမင်းဖြစ်” ဆိုတဲ့ မြန်မာ့ပဒေသရာဇ် အစဉ်အလာဆိုးကြီးကို ပျောက်အောင်၊ အေးချမ်းစွာတာဝန်နဲ့ အာဏာ (တချို့) လွှဲပေးမယ့် အစဉ်အလာသစ်ကြီးကို စတင်အကောင်အထည်ဖော်မယ့် လုပ်ရပ်တွေကိုလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာများက သြဘာပေးသံတွေ ဂုဏ်ယူစွာကြားမိပါတယ်။

ဒီလိုမင်္ဂလာရှိတဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းစပြုလာတဲ့အခါသမယကြီးမှာ ကျွန်တော်မောင်ဇာနည် ပြည်သူတယောက်ရဲ့ လွတ်လပ်စွာပြောဆိုခွင့် အရသော်လည်းကောင်း၊ “ဆိုရေးရှိစဆိုခဲ့စေ” ဆိုတဲ့ မြန်မာ့ဓလေ့အရသော်လည်းကောင်း တိုင်းရင်းသား ဘာသာစုံလူထုကြီးတရပ်လုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးကိစ္စရပ်ကြီး (၂) ခုကို တင်ပြလိုက်ပါတယ်။

ကျွန်တော့် နောက်ခံကို တိုတိုတုတ်တုတ်ပြောရမယ်ဆိုရင် ၁၉၈၈ခုနှစ်ကတည်းက ကျွန်တော်ဟာ နိုင်ငံရေးရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းရောဝင်ဖူးပါတယ်။ NLD ကို တစိုက်မတ်မတ် ၂ဝဝ၄ခုနှစ်ထိ ထောက်ခံခဲ့ပြီး စီးပွားရေးသပိတ်မှောက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာသိအောင်လုပ်တဲ့ ကမ်ပိန်းတွေ ကြိုးစားဦးဆောင်လုပ်ခဲ့ပါတယ်။

အနောက်နိုင်ငံအစိုးရတွေရဲ့ မူဝါဒမရိုးသားမှုတွေကိုမြင်လာလို့ တပ်မတော်ခေါင်းဆောင်များနဲ့ လက်တွဲလုပ်ဖို့ လူမုန်းခံ၊ လူကဲ့ရဲ့ခံပြီး ပြောခဲ့၊ ဆိုခဲ့ လက်တွေ့လုပ်ခဲ့တဲ့အထဲမှာလည်း ကျွန်တော်ရှေ့တန်းကပါခဲ့ပါတယ်။

လတ်တလောမှာတော့ ဘယ်ဘက်ဘယ်အဖွဲ့အစည်းမှ အယုံအကြည်သိပ်မရှိတာမို့ ပြည်ပမှာပဲအခြေချပြီး ခေါင်းချဖို့ စဉ်းစားထားရာက အလွန်အရုပ်ဆိုးတဲ့ တမျိုးသားလုံးတိုင်းပြည်တပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စကြီး (၂) ရပ်ကြောင့် နိုင်ငံရေးထဲမှာဆက်ပြီး ပတ်သက်နေရခြင်း ဖြစ်ပါတယ်။

ပထမအကြောင်းအရာကြီးကတော့ တပ်မတော်ရဲ့ ကြီးနိုင်ငယ်ညှဉ်း၊ ပြည်တွင်း ကိုလိုနီစစ်ပွဲတွေကြောင့် ကချင်၊ ရှမ်း၊ ပအိုဝ်း၊ ရခိုင်၊ ကိုးကန့် စတဲ့ တရားဝင်လို့ သတ်မှတ်ထားတဲ့ တိုင်းရင်းသားတွေ သေကြေပျက်စီး၊ ဘဝတွေအနာဂတ်မရှိ၊ သယံဇာတွေ ပြုန်းတီးမှုတွေကို ရပ်တန့်ကရပ်ဖို့ပါ။

ဒုတိယအကြောင်းအရာကြီးကတော့ လက်နက်ကိုင်တော်လှန်ရေးလည်း မလုပ်၊ ဘာအကြမ်းဖက်မှုမှလည်းမလုပ်၊ ဘာနိုင်ငံရေးပြစ်မှုမှလည်းမကျူးလွန်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဗမာပြည် (ရခိုင်ပြည်) နယ်စပ်နေ ရိုဟင်ဂျာမွတ်စလင် ဘာသာဝင် သန်းကျော်ကိုအမြုံလိုက်ဘဝပျက်အောင်လုပ် ကာယဒုက္ခ၊ စိတ္တဒုက္ခအမျိုးမျိုးပေးနေ၊ ပါလီမန်ခေတ်၊ အိမ်စောင့်အစိုးရခေတ်နဲ့ တော်လှန်ရေးကောင်စီ ခေတ်ဦးပိုင်းက အသိအမှတ်ပြုထားခဲ့တဲ့ နိုင်ငံသားအခွင့်အရေးသာမက မြန်မာပြည်ထောင်စုသား (တစ်နည်း - တိုင်းရင်းသား) အဆင့်အတန်း၊ အသိအမှတ်ပြုမှုကိုပါ တရားဝင်ရုပ်သိမ်းပြီး နည်းမျိုးစုံနဲ့ဒုက္ခပေးနေမှုကို ရပ်တန့်ဖို့ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး တနှစ်အတွင်း ၁၉၄၈ခုနှစ်ဒီဇင်ဘာလ (၉) ရက်နေ့ နေ့စွဲပါစာနဲ့ ရိုဟင်ဂျာခေါင်းဆောင်အဖွဲ့အစည်းများက ဝန်ကြီးချုပ်ဦးနုဆီ စာတတန်ပေတတန်နဲ့ တရားဝင် - ၎င်းတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ အိမ်နီးချင်းပါကစ္စတန်နိုင်ငံက မွတ်စလင်အများစုဖြစ်ပေမယ့် မြန်မာပြည်သစ်ကိုပဲ သစ္စာရှိစွာ၊ ပြည်ချစ်စိတ်ရှိစွာနဲ့နေဖို့ သန္နိဋ္ဌာန်ချထားကြောင်း၊ ရခိုင်ဗုဒ္ဓဘာသာညီအစ်ကိုမောင်နှမများနဲ့လည်း ချစ်ချစ်ခင်ခင်အတူတကွနေနိုင်ကြောင်းနဲ့ ရခိုင်မြောက်ပိုင်းစွန်ဒေသဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသကို အများစုက ရိုဟင်ဂျာလူမျိုးများဖြစ်တာမို့ မေယုခရိုင်ဆိုပြီး ရန်ကုန်အခြေစိုက်မြန်မာပြည်ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်ပေးဖို့ မေတ္တာရပ်ခံခဲ့တာ သမိုင်းအထောက်အထားအခိုင်အလုံရှိပါတယ်။ နောက်တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေး ဌာနက ဦးစောဦးနဲ့ ဗနသ ဦးချစ်လှိုင် ခေါ် စာရေးဆရာ ကိုကိုမောင်ကြီးတို့ ဦးစီးထုတ်ဝေတဲ့ ခေတ်ရေးစာစောင် (ဇူလိုင်၁၉၆၁) မှာလည်း ရိုဟင်ဂျာများ မြန်မာပြည်ထောင်စုသားများအနေနဲ့ သစ္စာဆိုကြ၊ပြည်ချစ်စိတ်ပြကြတာ မှတ်တမ်းတင်ထားခဲ့ပါတယ်။

ဒီအမျိုးသားအကြောင်းကိစ္စကြီး (၂) ခုဟာမြန်မာနိုင်ငံရေးသမိုင်း အထောက်အထားအရရော၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း တက်ခဲ့တဲ့ အစိုးရတွေရဲ့ (ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီအပါအဝင်) တရားဝင်မှတ်တမ်းမှတ်ရာတွေ အရရော၊ ဗုဒ္ဓတရားတော်အရရော ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များဟာ အမျိုးသားရေးဒုစရိုက်တွေ အဓမ္မတွေကျူးလွန်နေတယ်ဆိုတာ ကျွန်တော်ဘွင်းဘွင်းပဲ ပြောချင်ပါတယ်။

မြန်မာမဟုတ်တဲ့တိုင်းရင်းသားတွေ (ရှမ်း၊ ကချင်၊ ကရင်နီနဲ့ ချင်း) များကို ဗိုလ်ချုပ် / ဦးအောင်ဆန်းက “ကချင်တကျပ်၊ ဗမာတကျပ်၊ ရှမ်းတကျပ်” ဆိုပြီး ကတိခံ၊ မိမိဆန္ဒအရဗမာ / မြန်မာတွေနဲ့ပေါင်းပြီး အင်္ဂလိပ်ကိုလိုနီခေတ်လွန် ပြည်ထောင်စုကြီးထူထောင်ဖို့ အောင်မြင်စွာစည်းလုံးနိုင်ခဲ့လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဆိုတာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ (၁ဝ) နှစ်ပေါင်းလုပ်၊ ပေါင်းနေပြီးလို့ ဗမာတွေအနိုင်ကျင့်၊ နှိပ်စက်၊ ကတိဖျက်တယ်ဆိုရင် ပြည်ထောင်စုထဲကခွဲထွက်နိုင်ခွင့်ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကတိပေးပြီး စာနဲ့ပေနဲ့ စာချုပ်ထဲမှာ ထည့်ခဲ့တာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ အပစ်အခတ်ရပ်စဲရေး အကြံပေးလုပ်နေတဲ့ ဦးဟန်ညောင်ရွှေရဲ့ သွားလေသူမိခင်ကြီး မဟာဒေဝီ စဝ်ဟိန်ခမ်းရဲ့ ကိုယ်တိုင်ရေး လက်ရေးစာထဲမှာ (၁ဝ) နှစ်ကြာလို့ အဆင်မပြေရင် တိုင်းရင်းသားများခွဲထွက်ခွင့်ရှိရေးကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ရပ်အနေနဲ့ ထည့်ပေးခဲ့တယ်လို့ဆိုပါတယ်။

ဗိုလ်ချုပ်နဲ့မွတ်စလင်ခေါင်းဆောင် ဆရာကြီးဦးရာဇတ် အပါအဝင် တခြား အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးတာနဲ့ ဗိုလ်ချုပ်ရဲ့ ကတိစကားတွေကို သူ့အရိုက်အရာခံ ဗမာနိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တွေက သဲထဲရေသွန်သလိုလုပ်၊ ကျွန်တော်တို့ဗမာတွေက ကတိမတည်၊ မရိုးသားခဲ့လို့ တိုင်းရင်းသားအားလုံး လက်နက်ကိုင်တော်လှန်ရေးတွေ မှိုလိုပေါက်ခဲ့ရခြင်း၊ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရ၊ တောက်လောင်နေဆဲဖြစ်ပါတယ်။

အလားတူစွာပဲ ရိုဟင်ဂျာလူမျိုး၊ လူ့အဖွဲ့အစည်းတပြုံလုံးကို လူမျိုးအမည်နာမက အစ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံသားအရေးကို မူဝါဒချ၊ ဗျူဟာမျိုးစုံ၊ ဉာဏ်နီဉာဏ်နက်မျိုးစုံနဲ့ အစိုးရစစ်တပ်ခေါင်းဆောင်များ၊ ရခိုင်အမျိုးသား အစွန်းရောက်ဝါဒီများ ပူးပေါင်းပြီးလုပ်နေတာ ဆယ်စုနှစ် (၄) ခုထဲကို ရောက်လာပါပြီ။

ဖယ်ဒရယ်မူနဲ့အနှစ်သာရကို ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးမှ သူ့အရိုက်အရာခံ ခေါင်းဆောင်တွေက ဖျက်ဆီးခဲ့ပေမယ့် ရိုဟင်ဂျာလို တမြုံလုံးဘဝပျက်၊ နာမဖျက်လုပ်ငန်းတွေကိုတော့ တချိန်ကတပ်မတော်ရဲ့မွေးစားဖခင်ကြီးဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင်လုပ်သွားတာပါ။သူ့လက်နဲ့ရေးခဲ့တာကိုသူ့ခြေနဲ့ဖျက်ခဲ့တာပါ။အိမ်စောင့်အစိုးရဝန်ကြီးချုပ်အနေနဲ့ရောကာကွယ်ရေးဝန်ကြီးအနေနဲ့ပါဗိုလ်ချုပ်ကြီးနေဝင်းမီးစိမ်းပြခဲ့လို့တချိန်ကသူ့ညာလက်ရုံးကြီးများဖြစ်တဲ့ဒုဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ဒုဗိုလ်မှူးကြီးကျော်စိုး၊ရခိုင်တပ်ပေါင်းစုမှူးချုပ်ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်အပါအဝင်တပ်မတော်အရာရှိကြီးများကိုယ်တိုင်၁၉၆၁မှာရိုဟင်ဂျာလက်နက်ကိုင်တွေ [မူဂျာဟင်ဒင်း (သို့) စစ်သူရဲကြီးများ] လက်နက်ချ၊အလင်းဝင်ပြီးပြည်ထောင်စုနိုင်ငံသားများ၊သစ္စာခံများအနေနဲ့တင်းပြည့်ကျပ်ပြည့်တိုင်းရင်းသားနိုင်ငံသားအနေနဲ့ရိုဟင်ဂျာလူမျိုးစုတခုလုံးကိုအသိအမှတ်ပြုပေး၊မြန်မာ့အသံမှာမွန်၊ရှမ်း၊လားဟူတိုင်းရင်းသားဘာသာစကားတွေနဲ့တန်းတူ၊ရိုဟင်ဂျာဘာသာအသံလွှင့်ခွင့်ပေး၊မြန်မာ့စွယ်စုံကျမ်း (၁၉၆၄) မှာတရားဝင်ပဲမေယုခရိုင်ရဲ့ဘူးသီးတောင်၊မောင်တောမြို့ကြီး (၂) မြို့နဲ့အနီးပတ်ဝန်းကျင်ကျေးလက်ဒေသအားလုံးဟာသမိုင်းအကြောင်းအရာ၊ယဉ်ကျေးမှုအရာရိုဟင်ဂျာလူမျိုးများရဲ့ဘိုးစဉ်ဘောင်ဆက်ဇာတိချက်မြှုပ်ပထဝီဝင်ဒေသကြီးဖြစ်တယ်လို့အသိအမှတ်ပြုပေးခဲ့ပါတယ်။

ကျွန်တော့်အဖိုးလေး၊ဗိုလ်မှူးအံ့ကြွယ် (ဇေယျကျော်ထင်၊မော်ကွန်းဝင်ပထမအဆင့်) ကိုယ်တိုင်၁၉၆၁မှာမေယုခရိုင်ရဲ့ဒုတိယအကြီးဆုံးစစ်အုပ်ချုပ်ရေးမှူးလုပ်ခဲ့တာဖြစ်ပါတယ်။ရိုဟင်ဂျာတိုင်းရင်းသားပြုမှု၊အမည်နာမကိုလက်ခံအသိအမှတ်ပြုမှု၊ရိုဟင်ဂျာတွေရဲ့မူလဘူတချက်မြှုပ်ရာပထဝီဒေသသတ်မှတ်ဖွဲ့စည်းပေးမှုတွေကိုဗိုလ်မှူးချုပ်ဟောင်းဦးအောင်ကြီးကိုယ်တိုင်သူသက်ရှိထင်ရှားရှိစဉ်က “ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး” အမည်အရင်းနဲ့တိုင်းပြည်သိအောင် သမိုင်းလိမ်လို့မရအောင်ရေးသားဖော်ထုတ်ထားပြီးဖြစ်ပါတယ်။

ကျွန်တော့်အဖိုးလေးဗိုလ်မှူးအံ့ကြွယ် (ကွယ်လွန်) ဆိုတာတခြားသူမဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေရဲ့အထက်အရာရှိဖြစ်ပြီးဗမာ့သေနတ်ကိုင်တပ်ရင်း (၁) ကဗိုလ်မှူးချုပ်စိန်ဝင်း (ကွယ်လွန်) [တော်လှန်ရေးကောင်စီဝင်မဆလခေတ်ဦးဝန်ကြီးချုပ်ရဲ့တပည့်] ဖြစ်ပါတယ်။၁၉၆၁ခုနှစ်တပ်မတော်ခေါင်းဆောင်ကြီးများအမြော်အမြင်ကြီးစွာ၊ရိုဟင်ဂျာသူပုန်ကိစ္စကိုဖြေရှင်းစဉ်ကာလ၊ယခုလက်ရှိဦးသိန်းစိန် (DSA အပတ်စဉ်၉) နဲ့တပ်ချုပ်ကြီးမင်းအောင်လှိုင် (DSA အပတ်စဉ်၁၉) ဟာအထက်တန်းကျောင်း၊ မူလတန်းကျောင်းတွေတက်တဲ့အရွယ်ပဲရှိပါဦးမယ်။

ဗိုလ်မှူးချုပ်ဟောင်းဦးအောင်ကြီးကိုယ်တိုင်ရေးဆောင်းပါးထဲကသက်ဆိုင်တဲ့ကောက်နှုတ်ချက်ကိုတင်ပြပါရစေ။

“စစ်ရုံးချုပ်အနေနဲ့ယခုယိုးဒယားနယ်စပ်ကိစ္စကိုစစ်ရုံးချုပ်ကအမြဲဂရုစိုက်သလိုဘူးသီးတောင်၊မောင်တောကိစ္စကိုဂရုစိုက်ခဲ့ရပါသည်။နောက်ပိုင်းတွင်မူဂျာဟစ်များလက်နက်ချပါသည်။ထိုလက်နက်ချပွဲတွင်၎င်းတို့ကထိုနယ်သားများကိုခေါ်တောဟုလည်းမခေါ်ရန်၊ဘင်္ဂလီဟုလည်းမခေါ်ရန်၊စစ်တကောင်းကုလားများဟုလည်းမခေါ်ရန်၊ရခိုင်မွတ်စလင်ဟူသောအမည်နာမကိုလည်းမလိုချင်၊သူတို့ကို (ရိုဟင်ဂျာ) အရှေ့သားဟုအာရဗစ်စကားနှင့်အဓိပ္ပာယ်ရှိသောနာမည်ကိုခေါ်ရန်တင်ပြကြပါတယ်။အုပ်ချုပ်ရေးရာတွင်လည်း၎င်းတို့ကအယူဝါဒအရဘာသာကိုအစွဲမပြုဘဲဒေသကိုအစွဲပြုသော၎င်းတို့နာမည်ကိုရွေးချယ်တင်ပြရာစစ်ဖက်ရုံးချုပ်မှလူကြီးများဆွေးနွေးပြီး၊ဥပမာ - မြန်မာပြည်တွင်မှီတင်းနေထိုင်၍ရှေးယခင်အင်္ဂလိပ်တို့အမည်ပေးခေါ်ဝေါ်ခဲ့သောလဝလူမျိုးကိုဝလူမျိုးဟုခေါ်ဘိသကဲ့သို့ကရင်နီဟုခေါ်တွင်သောတောင်ပေါ်ကရင်လူမျိုးစုကကယားလူမျိုးဟုခေါ်ခြင်း၊ယခင်ကတလိုင်းဟုခေါ်ကြသောဝေါဟာရကိုမွန်ဟုပြောင်းခြင်းများကဲ့သို့သဘောထား၍ကိုးကန့်နယ်၊ဝနယ်၊မြစ်ကြီးနား၊ပူတာအို၏မြောက်ပိုင်းနှင့်အရှေ့ပိုင်း၊ကျိုင်းတုံမြောက်ပိုင်းဒေသတို့စုပေါင်း၍စစ်ရုံးချုပ်အောက်တွင်နယ်စပ်ဒေသအုပ်ချုပ်ရေးတခုဖွင့်လှစ်၍နယ်စပ်ဖွံ့ဖြိုးမှုကျယ်ပြန့်စွာလုပ်ရေးအစီအစဉ်တွင်ဘူးသီးတောင်၊မောင်တောဒေသကိုမေယုဒေသဟုသတ်မှတ်ပြီး၊စစ်ရုံးမှအုပ်ချုပ်ရန်တင်ပြပြီး၊အစိုးရကက်ဘိနက်မှလက်ခံသဖြင့်ဗိုလ်မှူးကြီးစောမြင့်ကိုထိုဒေသများအုပ်ချုပ်ရေးမှူးချုပ်ခန့်အပ်ခဲ့ပါတယ်။နာမည်ကိုလည်းရခိုင်မွတ်စလင်အစားရိုဟင်ဂျာသုံးခွင့်ပြုခဲ့ပါသည်။” [စာညွန်း။ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး “ကျွန်တော်ဖြေရှင်းခဲ့ရသောရိုဟင်ဂျာပြဿနာ” - ကျွန်တော်သိသောဘူးသီးတောင်၊မောင်တော။ပြည်ထောင်စုအမျိုးသားများဒီမိုကရေစီပါတီ (Union Nationals Democratic Party – UNDP) သတင်းလွှာ - ဖေဖော်ဝါရီလ၁၉၉၂စာမျက်နှာ၈]

DSA ပထမဦးဆုံးအပတ်စဉ်ကဗိုလ်ဖြစ်တဲ့မောင်သောင်း၊မောင်အောင်၊ထွန်းကြည်၊ဉာဏ်လင်းစတဲ့အထင်ကရအရာရှိကြီးများတောင်၁၉၆၁ခုနှစ်မှာ (၂) ဘားတင်ဗိုလ်နုနုဘဝပဲရှိပါသေးတယ်။

တပ်မတော်တခုလုံး၊ကာကွယ်ရေးဝန်ကြီးဌာနတခုလုံး၊ဒုဦးစီးချုပ်အောင်ကြီးတို့အပါအဝင်အရာရှိကြီးများငြိမ်းချမ်းစွာရိုဟင်ဂျာခေါင်းဆောင်များနဲ့သဘောတူညီမှုတရားဝင်ရယူခဲ့တာတွေကို၁၉၇ဝပြည့်နှစ်နောက်ပိုင်းမှာဦးနေဝင်းကြီးကိုယ်တိုင်တရားပျက်ကတိပျက်လို့ယနေ့မျက်မှောက်ကမ္ဘာမှာမြန်မာနိုင်ငံအစိုးရနဲ့ရခိုင်အမျိုးသားရေးဝါဒီတွေဟာ Genocide ခေါ်လူမျိုးစုအပြုံလိုက်ချေမှုန်းရေး၊ (သတ်တယ်အကြမ်းဖက်တယ်ဆိုတာအမျိုးတုံးချေမှုန်းရေးစီမံကိန်းရဲ့၅ပုံ၁ပုံသောအစိတ်အပိုင်းတခုပဲဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ New Delhi တက္ကသိုလ်ကဆရာဟောင်းတဦးနဲ့ကွယ်လွန်သူခင်ပွန်း Dr. Michael Aris ရဲ့မိတ်ဆွေရင်းဖြစ်တဲ့စီးပွားရေးနိုဗယ်လ်ဆုရှင်ပါမောက္ခ Amartya Sen ကိုယ်တိုင်ကရိုဟင်ဂျာမုန်းတီးရေးစိတ်တွေမြန်မာပြည်သူလူထုထဲပြန့်ပွားအောင်မြန်မာစစ်အစိုးရတွေလုပ်ခဲ့တဲ့သက်သေသက္ကာယတွေရှိကြောင်း၊လူမျိုးတခုကိုအပြုံလိုက်ချေမှုန်းတယ်ဆိုတာဓားနဲ့ထိုး၊သေနတ်နဲ့ပစ်ရုံမကအစာငတ်၊ရေငတ်၊ဆေးဝါးဖြတ်၊အလုပ်ဖြတ်စတဲ့နည်းမျိုးစုံနဲ့မျှင်းပြီးချေမှုန်းသတ်ဖြတ်လို့ရကြောင်း၊မြန်မာပြည်မှာဒီနည်းတွေကိုသုံးနေကြောင်း Nov. 2014 Harvard တက္ကသိုလ်ကွန်ဖရင့်မှာကမ္ဘာသိအောင်ရှင်းလင်းပြသွားပြီးသားပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း Harvard တက္ကသိုလ်လာလည်စဉ်ကာလ (၂ဝ၁၃ခုနှစ်မှာ) ညစာစားရင်းပညာရှိနည်းနဲ့ရိုဟင်ဂျာများဒုက္ခ၊သုက္ခရောက်တာတိုင်းပြည်ခေါင်းဆောင်တဦးအနေနဲ့လျစ်လျူရှုမထားဖို့ပြောခဲ့ကြောင်းပါမောက္ခ Sen ကကျွန်တော့်ကိုကိုယ်တိုင်ပြောခဲ့ဖူးပါတယ်။

ဇွန်၁၂ရခိုင်ပြည်အကြမ်းဖက်မှုစပြီးဥရောပပထမခရီးစဉ်မှာဒေါ်အောင်ဆန်းစုကြည် ILO (ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်) - သတင်းစာရှင်းလင်းပွဲမှာရိုဟင်ဂျာနှိပ်ကွပ်မှုနဲ့ပတ်သက်တဲ့မေးခွန်းတွေအမေးခံခဲ့ရတာလည်းမှတ်မိမှာပါ။ဂျနီဗာမှာသတင်းစာဆရာများက “ရိုဟင်ဂျာလူမျိုးတွေကခင်ဗျားတို့မြန်မာပြည်သားတွေဆိုတာဟုတ်ပါသလားကစပြီးအဖြေရကျပ်တဲ့မေးခွန်းတွေမေးတဲ့နောက်ရခိုင်အမျိုးသားပါတီကတိမွေးကုဆရာဝန်ဒေါက်တာအေးမောင်တို့ကလည်းရိုဟင်ဂျာဆိုတဲ့စကားဒေါ်အောင်ဆန်းစုကြည်ပါးစပ်ကထွက်ရင်ရခိုင်တွေ NLD ကိုလုံးဝမထောက်ခံဘူးလို့အကျပ်ကိုင်တာတွေလုပ်လာတာကိုရသေ့တောင်ရခိုင်ကွန်ဖရင့်မှာဒေါက်တာအေးမောင်ကိုယ်တိုင်ရခိုင်ပြည်သူတွေကိုဗြောင်ဖွင့်ချပြီးသားပါ။ဒီလိုအခြေအနေတွေထဲမှာအပြည်ပြည်ဆိုင်ရာသတင်း၊ဂျာနယ်လစ်တွေမေးတဲ့ရိုဟင်ဂျာနဲ့ဆိုင်တဲ့မေးခွန်းမှန်သမျှဒေါ်အောင်ဆန်းစုကြည်မသိဘူးဘူးခံ၊ဒါမှမဟုတ်ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာမှတ်တမ်းတင်ကမ္ဘာသိပါ။

ဒေါ်အောင်ဆန်းစုကြည်က LSE ခေါ်လန်ဒန်တက္ကသိုလ်စီးပွားရေးနဲ့နိုင်ငံရေးသိပ္ပံကျောင်းမှာဇွန်လ (၁၈)၊၂ဝ၁၂တုန်းက Rule of Law ဟောပြောဆွေးနွေးပွဲပါဝင်ခဲ့တာကိုလည်းမှတ်မိမယ်လို့ယုံကြည်ပါတယ်။ဗြိတိသျှအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကဒေါ်အောင်ဆန်းစုကြည် “Listening mode” (သို့) နားပဲထောင်ချင်တဲ့အာသီသပြင်းပြပြီးသိပ်မပြောချင်ဘူးလို့ဆွေးနွေးပွဲဥက္ကဋ္ဌကျွန်တော့်မိတ်ဆွေပါမောက္ခ Mary Kaldor ကိုကြိုတင်အကြောင်းကြားလို့ရိုဟင်ဂျာနဲ့ပတ်သက်တဲ့မေးခွန်းကိုမင်းပဲဖြေပါလို့ပရော်ဖက်ဆာ Kaldor ကကျွန်တော့်ကိုကြိုတင်တာဝန်ပေးထားခဲ့ပါတယ်။နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်၊အစိုးရတာဝန်ရှိသူတဦးလည်းမဟုတ်ပေမယ့်အပြည်ပြည်ဆိုင်ရာကစိုးရိမ်တကြီးစောင့်ကြည့်ပြီးကျွန်တော်တို့တတိုင်းပြည်လုံးတမျိုးသားလုံးအသရေပျက်စေပြီးရိုဟင်ဂျာလူမျိုးစုတစုလုံးလူလုံးမလှဒုက္ခသောင်းခြောက်ထောင်ရောက်ရတဲ့ကိစ္စကိုကျွန်တော်ကိုယ်တိုင်ဥပဒေကြောင်းအရရောဗုဒ္ဓဘာသာအမြင်ရှုထောင့်ကပါပြောခဲ့တာဒေါ်အောင်ဆန်းစုကြည်ကိုယ်တွေ့မျက်မြင်ပါပဲ။

ယနေ့မြန်မာပြည်သူတွေထဲမှာအမှန်တရားဆိုပြီးလက်ခံယုံကြည်နေကြတာက “ရိုဟင်ဂျာဆိုတာလံကြုတ်ခိုးဝင်ဘင်္ဂါလီတွေ” တကယ့်သမိုင်းအမှန်အဖြစ်အပျက်အမှန်ကရှေးပဝေသဏီကတည်းကကျွန်တော်တို့နိုင်ငံရဲ့နယ်ခြားဒေသတိုင်းမှာနေတဲ့တိုင်းရင်းသားအားလုံးဟာကိုလိုနီခေတ်လွန်ကာလမှာမှပေါ်ပေါက်လာတဲ့နိုင်ငံသစ်များထဲမှာဟိုဘက်ရောဒီဘက်ရောတွေ့ရတဲ့၊နေထိုင်တဲ့လူမျိုးစုတွေဖြစ်ပါတယ်။ဒါကိုနယ်ခြားဒေသတွေမှာကိုယ်တွေ့သွားရောက်နေထိုင်တာဝန်ထမ်းဆောင်ခဲ့တဲ့တပ်မတော်အရာရှိကြီးတွေ [ဥပမာဗိုလ်မှူးချုပ်ဟောင်းဦးအောင်ကြီး (ကွယ်လွန်)] က၁၉၅ဝ - ၁၉၆ဝခုနှစ်ကတည်းကသဘောပေါက်နားလည်ခဲ့သလိုမနုဿဗေဒပညာရှင်တွေအားလုံးကလည်းပညာရှင်သုတေသီများအနေနဲ့သုတေသနကွင်းဆင်းလေ့လာမှုအပေါ်အခြေခံပြီး “နယ်နိမိတ်လူမျိုးစုများ” (Borderland Peoples) ကိုလက်ခံအသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။

ဒီခိုးဝင်ဘဂါၤလီများဆိုတဲ့ပြည်သူ့အမြင်ဖန်တီးတာကတပ်မတော်ထောက်လှမ်းရေးနဲ့နိုင်ငံတော်စစ်ခေါင်းဆောင်ကြီးတွေဖြစ်ပါတယ်။

၁၉၉၂မှာထောင်ပြီး၂၀၁၃မှာမှပြန်လည်ဖွဲ့စည်းခဲ့တဲ့ “နစက” အဖွဲ့ရဲ့တည်ထောင်သူလည်းဖြစ်၊အကြီးအကဲလည်းဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကိုယ်တိုင်ကမြန်မာနိုင်ငံကာကွယ်ရေးတက္ကသိုလ် (အဲဒီတုန်းကတော့နိုင်ငံတော်ကာကွယ်ရေးကောလိပ်ပေါ့) မှာ၁၉၉ဝအစောပိုင်းလောက်ကထိပ်တန်းလျှို့ဝှက်သတ်မှတ်တဲ့ဟောပြောမှုမှာ “မြန်မာနိုင်ငံဘက်မှာမွတ်စလင်ဘာသာဝင်များ” အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတာပဲရှိတယ်။ဒါနဲ့ပတ်သက်လို့နှစ်နိုင်ငံဆက်ဆံရေးခိုးလိုးခုလုဖြစ်တယ်ဆိုတဲ့အကြောင်းမျိုးဆက်သစ်စစ်ခေါင်းဆောင်တွေကိုရှင်းပြသွားခဲ့ပါတယ်။ [အညွန်း - (ဦးခင်ညွန့်နှင့်အင်တာဗျူးမြတ်ခိုင်) ဒုတိယအကြိမ်ဇန်နဝါရီလ၁၇၊၂ဝ၁၄၊စာမျက်နှာ၁၃၆]

ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင်ဗိုလ်မှူးချုပ်အဆင့်တက်မယ့်စစ်ဗိုလ်တွေကိုပေးတဲ့ထိပ်တန်းလျှို့ဝှက်လက်ခြာ (Lecture) ထဲမှာရခိုင်ဘက်ကမွတ်စလင်ကုလားတွေဘင်္ဂလားပြည်ကိုထွက်ပြေးနေတယ်လို့တိုးတိုးတိတ်တိတ်ပြော - ပြည်သူလူထုကြားထဲမှာတော့ဘင်္ဂါလီတွေအနောက်တံခါးကြီးပေါက်လို့အစုလိုက်အပြုံလိုက်ခိုးဝင်နေကြတယ်ဆိုပြီးသတင်းမမှန်လွှင့်၊ဖောင်ကြီးဝန်ထမ်းတက္ကသိုလ်မှာဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့တပည့်များဖြစ်တဲ့ - ခုထိထောင်ကျနေဆဲ - တန်ပြန်ထောက်လှမ်းရေးမှူးချုပ်ဗိုလ်မှူးချုပ်သန်းထွန်း (ဒေါ်စုရဲ့ contact ဟောင်း) နဲ့ဝိုင်းတော်သားတွေကဆရာ၊ဆရာမများ၊တခြားဝန်ထမ်းများကိုဘင်္ဂါလီတွေဘယ်လိုခိုးဝင်နေကြောင်းမဟုတ်မမှန်သတင်းတွေရိုက်ထည့်ဆိုတော့နှစ်ပေါင်းဆယ်စုနှစ်ကြာလာတဲ့အခါမှာတော့ရိုဟင်ဂျာအသံကြားရင်ခိုးဝင်ဘင်္ဂါလီလို့လွယ်လွယ်ကူကူလက်ခံကြတာပေါ့။စစ်ခေါင်းဆောင်ကြီးတွေကိုယ်တိုင်ကရိုဟင်ဂျာမုန်းတီးရေး၊ဆန့်ကျင်ရေးတွေကိုစီမံကိန်းချပြီးလုပ်ခဲ့တာတွေသက်သေမှတ်တမ်းမှတ်တွေတောင်လိုပုံလို့။

ဦးနေဝင်းကြီးစစ်အာဏာရှင်အနေနဲ့တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ (၂၆) နှစ်ကာလအတွင်းမှာတပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ကတိကဝတ်ပြုခဲ့တာတွေ၊ပိုဆိုးတာကသူကိုယ်တိုင်ပါလီမန်ဒီမိုကရေစီစနစ်နဲ့နိုင်ငံတော်ရဲ့မူလဖွဲ့စည်းပုံအခြေခံဥပဒေကိုစစ်သားတဦးအနေနဲ့ဘယ်လိုဦးထိပ်ထားပြီးကာကွယ်မယ်ပြောခဲ့တာ၊ဥပဒေနဲ့မူကိုလက်ဖမိုးလို့မှောက်ချီလှန်ချီလုပ်ခဲ့တာတတိုင်းပြည်လုံးသိပါတယ်။

ဦးနေဝင်းကြီးအရိုက်အရာခံခဲ့တဲ့ဦးသန်းရွှေ၊ဦးမောင်အေး၊ဦးခင်ညွန့်နဲ့လက်ရှိဦးသိန်းစိန်၊တပ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့လည်းမှောက်ချီလှန်ချီသစ္စာမတည်ဆိုတဲ့အစဉ်အလာဆိုးကြီးနဲ့ဆက်လက်ချီတက်နေကြလို့ကျွန်တော်တို့အမိမြန်မာပြည်ကြီးလည်းကမောက်ကမတွေဖြစ်၊တိုင်းရင်းသားပြည်သူတွေကလည်းဘဝတွေကစဉ့်ကလျား၊ရိုဟင်ဂျာတွေလည်းလူမျိုးတမြုံတသိုက်ကြီးဒုက္ခပင်လယ်ဝေ၊လယ်သမား၊အလုပ်သမား၊ကျောင်းသားတွေလည်းလယ်ပျက် ယာပျက်အလုပ်ပျက်၊ဘဝပျက်။

အဓိကကတော့စစ်ရေး၊နိုင်ငံရေးခေါင်းဆောင်ကြီးများအတ္တစိတ်တွေ၊မောဟစိတ်တွေရှေ့ထားအမှန်တရားကိုအမှားတရားလုပ်အမှားတရားကိုအမှန်လိုရေငုံနှုတ်ပိတ်နေခဲ့ကြလို့ကျွန်တော်တို့တိုင်းပြည်ကြီးဝေသာလီပြည်ပျက်ကြီးလိုစစ်မီး၊လူမျိုးမီး၊ဘာသာမီးတွေနဲ့လွတ်လပ်ရေးရကတည်းကဒုက္ခပေါင်းစုံပြဿနာပေါင်းသောင်းခြောက်ထောင်ကြုံခဲ့ကြုံရဆဲဖြစ်နေတာပါ။

ငြိမ်းချမ်းစွာလုပ်ပိုင်ခွင့်၊တာဝန်လွှဲပေးတာတခုတည်းနဲ့အမျိုးသားရေးပြဿနာကြီးနှစ်ရပ် (၁) ပြည်တွင်းကိုလိုနီစစ်နဲ့ (၂) ရိုဟင်ဂျာလူမျိုးတမြုံလုံးချေမှုန်းမှုစီမံကိန်းကြီးရပ်သွားဖို့အလားအလာမမြင်ပါ။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့မြန်မာတွေရဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ love of truth (အမှန်တရားကိုချစ်မြတ်နိုးခြင်း) ဆိုတဲ့လူသားတန်ဖိုးစံနမူနာတခုလိုသူ့သားသမီးသုံးယောက်လုံးကိုပါအလွန်လိုက်နာကျင့်သုံးစေချင်ကြောင်းရေးခဲ့ပြောခဲ့သလိုလက်ရှိစစ်ခေါင်းဆောင်များဗိုလ်လောင်းဘဝမှာဖတ်ခဲ့ရမယ့်စစ်တက္ကသိုလ်မှာပြဋ္ဌာန်းခဲ့တဲ့ “ဗိုလ်ချုပ်အောင်ဆန်း၏အပြုအမူ၊အကျင့်အကြံနှင့်အတွေးအခေါ်များ” ဆိုတဲ့စာအုပ်အရဆိုရင်လည်းနောင်တခေတ်၏အောင်စစ်သည်များဟာအမှန်တရားကိုချစ်မြတ်နိုး၊အမှန်တရားကိုအခြေခံထားကျင့်တဲ့လူကောင်းများ၊နိုင်ငံခေါင်းဆောင်ကောင်းများစစ်ရေးခေါင်းဆောင်ကောင်းများသာဖြစ်သင့်ပါတယ်။

“ရိုဟင်ဂျာဆိုတာမြန်မာပြည်မှာမရှိ” ဆိုပြီးအမှန်တရားကိုပဲကြီးလှော်လောက်တောင်တန်ဖိုးမထားတဲ့ခေါင်းဆောင်တွေ၊ဗိုလ်ချုပ်ကတိကဝတ်ပေးခဲ့တဲ့ “ဗမာတကျပ်၊ရှမ်းတကျပ်” ဆိုတဲ့တိုင်းရင်းသားအားလုံးသာတူညီမျှရေးမူဝါဒကိုနှစ်နှစ်ကာကာအယုံအကြည်မထားတာ၊ဟန်ဆောင်ဖယ်ဒရယ်မူအော်ကြတာမျိုးတွေဟာသွားလေသူဗိုလ်ချုပ်ကိုနေ့စဉ်တံတွေးနဲ့ထွေး၊မျက်နှာအိုးမဲသုတ်တာနဲ့အတူတူပါပဲ။

ဒီမိုကရစီစနစ်၊ဒီမိုကရေစီနိုင်ငံတော်နဲ့ဒီမိုကရေစီလူ့ဘောင်သစ်ကိုကြွေးကြော်ပြီးထူထောင်နေတဲ့ကာလသစ်ကြီးမှာနှစ်ပေါင်းဆယ်စုနှစ်များစွာကအဘ-အဘများအစဉ်ဆက်ကကျူးလွန်ခဲ့တဲ့အမှားတရားများ၊အမျိုးသားဒုစရိုက်လုပ်ငန်းကြီးများဖြစ်တဲ့ပြည်တွင်းကိုလိုနီစနစ်နဲ့စစ်ကိုသော်လည်းကောင်း၊ရိုဟင်ဂျာလူမျိုးစုအပြုံလိုက်ချေမှုန်းရေးကိုသော်လည်းကောင်း၊ရပ်တန့်ကရပ်ကြဖို့၊မြန်မာတဦး၊ဗုဒ္ဓဘာသာဝင်တဦးတချိန်ကတပ်မတော်ကိုအလွန်လေးစားတပ်မတော်ခေါင်းဆောင်များကိုအလွန်တန်ဖိုးထားခဲ့ဖူးသူတဦးအနေနဲ့လူသိရှင်ကြားမေတ္တာရပ်ခံအပ်ပါတယ်။

နောက်ဆုံးအနေနဲပြောရရင်တော့ကျွန်တော်တို့ဆွေမျိုးသားချင်းအားလုံးကအမိမြန်မာပြည်ရဲ့နိုင်ငံရေး၊စစ်ရေးကိုကုန်းဘောင်ခေတ်၊ပဒေသရာဇ်စနစ်လက်ထက်ကတည်းကပါဝင်ပတ်သက်ခဲ့ကြတာပါ။

အဖိုးလေးတယောက်ဖြစ်တဲ့ဦးအံ့ကြွယ် (ကွယ်လွန်) ကဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ဇနီးဒေါ်ကြိုင်ကြိုင်ကိုသူကိုယ်တိုင်တပ်ရင်းမှူးဘဝကကမကထလုပ်ပြီးလက်ထပ်ပေးခဲ့သူဖြစ်သလိုနောက်အဖိုးလေးတဦးဖြစ်တဲ့ကွယ်လွန်သူဦးဇန်ရင် (ဝဏ္ဏကျော်ထင်) ကဒေါ်စုဖခင်ကြီးဗိုလ်ချုပ်ကိုကျောင်းသားကိုအောင်ဆန်းဘဝကတည်းကရန်ကုန်တက္ကသိုလ်ပဲခူးဆောင်မှာအခန်းချင်းကပ်၊အတူနေသူသူငယ်ချင်းဖြစ်ပြီးကိုအောင်ဆန်းအိပ်ရာထနောက်ကျတိုင်းအဆောင်မှာမျက်နှာသစ်စရာရေမရှိတဲ့နေ့တွေမှာသူခင်တဲ့လေးစားတဲ့ကိုအောင်ဆန်းကိုသူ့သောက်ရေအတွက်သိမ်းထားတဲ့ရေတကောင်းထဲကရေနဲ့နေ့စဉ်လိုလိုမျက်နှာသစ်၊သန့်ရှင်းစေခဲ့တဲ့သူငယ်ချင်းမျိုးဖြစ်ပါတယ်။မဆလခေတ်ကျောင်းသား၊ကျောင်းသူတိုင်းနှုတ်တိုက်ကျက်ရွတ်ဆိုခဲ့တဲ့ “မောင်တို့ကြားကုန်လော့ …” နဲ့စချီတဲ့ “ရှေးခေတ်ပုဂံပြည်” ဆိုတဲ့ကဗျာကြီးကိုနေသူရိန်ညီလာခံကြီးမှာသံချိုအနေနဲ့ဆိုရင်းမျိုးချစ်စိတ်၊တော်လှန်ရေးစိတ်ပြန့်ပွားအောင်တတပ်တအားပါဝင်လှုပ်ရှားခဲ့ဖူးသူဖြစ်ပါတယ်။

၁၉၈၈ရှစ်လေးလုံးအရေးအခင်းမဖြစ်ခင်ကျွန်တော်အမေရိကန်ကိုပုဂ္ဂလိကပညာတော်သင်ဆုနဲ့ကျောင်းသွားတက်ဖို့ထွက်သွားရင်းကကိုယ့်တိုင်းပြည်ကြီးဘယ်လောက်ချွတ်ခြုံကျပြီးပြာပုံတိုးနေတာမနေနိုင်လို့နိုင်ငံရေးနဲ့ဝင်ပြီးပတ်သက်နေတာပါ။တပ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့သမ္မတဦးသိန်းစိန်လည်း - စရဖချုပ်ကိုမြထွန်းဦးတို့၊သူ့ဆရာယခင်စရဖချုပ်ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ (ရန်ကုန်တိုင်းဝန်ကြီးချုပ်) တို့ကိုမေးပြီးဒီဇာနည်ဆိုတာဘယ်လိုလူစားမျိုးလဲ ဆိုတာမေးကြည့်ပါ။

အမတ်ကြီးဦးပေါ်ဦးသာဓကပေးခဲ့သလိုခေါင်းဆောင်ကြီးများအားလုံးဟာလည်းအနိစ္စသဘောနဲ့တနေ့မှာလက်ချည်းဗလာသွားကြမယ့်သူတွေပဲဖြစ်ပါတယ်။လူ့ဘဝရတောင့်ရခဲတိုတိုလေးအချိန်လေးမှာအမှန်တရားကိုအခြေခံတဲ့ဒီမိုကရေစီစနစ်၊နိုင်ငံတော်နဲ့လူ့ဘောင်သစ်ကြီးကိုတည်ဆောက်ကြဖို့အနူးအညွတ်တိုက်တွန်းအပ်ပါတယ်။

ခေါင်းဆောင်ကြီး (၄) ဦးလုံးကာယသုခ၊စိတ္တသုခနဲ့ ပြည့်စုံပြီး ဘေးဘယာအပေါင်းဝေးကြပါစေ။

စစ်ဒုက္ခခံကချင်၊ရှမ်း၊ပအိုဝ်းအပါအဝင်တိုင်းရင်းသားအားလုံးနဲ့ရိုဟင်ဂျာလူမျိုးစုများလည်းနိုင်ငံတော်ရဲ့ဒုက္ခပေးမှု၊နှိပ်စက်မှုအဖုံဖုံမှကင်းဝေးကြပါစေ။

ကျွန်တော်တို့ ဗမာ့ တပ်မတော်နဲ့ ဗမာပြည်သူတွေက ပြည်ထောင်စု နိုင်ငံကြီးဆိုပြီး ထူထောင်နေတာကို တိုင်းရင်းသား လူမျိုးတွေကတော့ သူတို့ကို ဗြိတိသျှတွေ နယ်ချဲ့သိမ်းပိုက်ခဲ့သလို မျိုး ကိုလိုနီလက်သစ်လုပ်တာလို့ မြင်ပါတယ်။

ကျွန်တော်တို့ ဗမာတွေက အမျိုးသားနေ့၊ အမျိုးသားခေါင်းဆောင်ကြီးတွေ ဆိုပြီး ကိုယ့်ဘာသာသတ်မှတ် ဂုဏ်ပြုနေကြပေမယ့် တိုင်းရင်းသားတွေမှာလည်း သူတို့ကိုယ်တိုင်သတ်မှတ်ထားတဲ့ အမျိုးသားနေ့ရက်တွေ၊ ခေါင်းဆောင်တွေ ရှိပါတယ်။ ဒါတွေကို ခုထိ အသိအမှတ်ပြု မခံရဘဲ ဖိနှိပ်ချုပ်ချယ်တာတွေ လုပ်နေလို့ ကျွန်တော်တို့ မြန်မာပြည် လွတ်လပ်ရေးရတာ အနှစ် ၇ဝ ရှိတော့မယ်၊ ခုထိ ပြည်ထောင်စု တဝှမ်းလုံးက တိုင်းရင်းသားတွေနဲ့ ဘာသာပေါင်းစုံ ကိုးကွယ်သူတွေ နားလည် လက်ခံနိုင်မယ့် ပြည်ထောင်စုသား အားလုံးနဲ့ ဆိုင်တဲ့ ယုံကြည်ယူဆချက်၊ မျှဝေခံယူချက် ဆိုတာတွေ မရှိဘဲ မအေးချမ်းနိုင်တာတွေ ဖြစ်နေရတာလို့ ကျွန်တော် ယုံကြည်ပါတယ်။

အဝေးရောက်မြန်မာပြည်သား

မောင်ဇာနည်
(စာပာအကြောင်းအရာများမှာ၊ စာရေးသူ၏ အာဘော်၊ အယူအဆများသာ ဖြစ်ပါသည်။ မဇ္ဈိမ)

Mizzima Weekly

Tags