စစ်အာဏာသိမ်းမှု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ပြောဆို

25 June 2021
စစ်အာဏာသိမ်းမှု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ပြောဆို

နိုင်ငံတချို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကြောင်းပြပြီး တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံမှာ မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။    

နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုပိတ်ပင်ရေး တောင်းဆိုနေကြပြီး အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတချို့ အရေးယူဒဏ်ခတ်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တုံ့ပြန်ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူထားတာနဲ့ ပတ်သက်လို့လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အစိုးရက မဲမသမာမှုတွေနဲ့ မရိုးမသား လုပ်ဆောင်ခဲ့တာကြောင့် ဒီမိုကရေစီစနစ် ရိုးသားမှု ပြန်ဖြစ်လာအောင် လုပ်ဆောင်ရတာဖြစ်တယ်ဆိုပြီး လုံခြုံရေးညီလာခံမှာ ခုခံကာကွယ်ပြောဆိုသွားပါတယ်။ နိုင်ငံတကာ အကဲခတ်တွေကတော့ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ တိုးလာနေတာဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ ရုရှားနိုင်ငံအတွက် အခွင့်အရေး ပိုပြီး ရသွားစေတယ်လို့  ရှုမြင်တဲ့အကြောင်း ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှု ပိုမို ခိုင်မာအားကောင်းအောင် လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထား တယ်ဆိုတာကို အဂါၤနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုထားပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly