ဟောင်ကောင် Apple Daily သတင်းစာတိုက်၏ အကြီးတန်းအမှုဆောင်များကို ချုပ်မိန့်ရမန်ပေး

By Yahoo/ANI
23 June 2021
ဟောင်ကောင် Apple Daily သတင်းစာတိုက်၏ အကြီးတန်းအမှုဆောင်များကို ချုပ်မိန့်ရမန်ပေး

ပြည်ပအင်အားစုများနှင့် ပူးပေါင်းလိမ်လည်ကြံစည်မှုဖြင့် စွဲချက်တင်ခံထားရသည့် ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသော Apple Daily သတင်းစာ၏ အကြီးတန်း အမှုဆောင်နှစ်ဦးသည် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုအဖြစ် သဘောထားရှုမြင်ခံရပြီးနောက် ယခုအခါ ၎င်းတို့အား ထိန်းသိမ်းထားရန်အတွက် တရားရုံးက ချုပ်မိန့်ရမန်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ Apple Daily အမှုဆောင်နှစ်ဦးသည် ၂၅ နှစ်ကျော်ကြာ သက်တမ်းရှိ သတင်းစာတိုက်၌ ၎င်းတို့၏ ရာထူးနေရာများကနေ နုတ်ထွက်မည်ဟု ကတိပြုကာ ၎င်းတို့ လွတ်မြောက်နိုင်ရန်အတွက် ဟောင်ကောင်ဒေါ်လာ ၃ သန်း ကမ်းလှမ်းပေးခဲ့သော်ငြား ၎င်းတို့နှစ်ဦး၏ အာမခံ လျှောက်ထားမှုကို ရာဇ၀တ်တရားသူကြီးချုပ် ဆိုဝေတက်ခ်က ပယ်ချခဲ့ကြောင်း South China Morning Post က ဖော်ပြသည်။

Apple Daily အယ်ဒီတာချုပ် ရိုင်ယန် လော ဝေကွမ် နှင့် သတင်းစာ၏ မိခင်ကုမ္ပဏီ Next Digital ၏ စီအီးအိုလည်းဖြစ်သလို ထုတ်ဝေသူလည်းဖြစ်သည့် ချူအန် ကင်မ်ဟန်းတို့ကို ဇွန်လ ၁၉ ရက်က ရဲအစောင့်အကြပ် ထူထပ်စွာ ချထားသည့် West Kowloon တရားရုံးသို့ ရဲအစောင့်အရှောက်ဖြင့် ပို့ဆောင်ခဲ့သည်။

၎င်းတို့သည် ပေကျင်းအစိုးရ ပြဋ္ဌာန်းသော အလွန်ပြင်းထန်သည့် အမျိုးသားလုံခြုံရေးဥပဒေအောက်တွင် အကယ်၍ စီရင်ချက်ချမှတ်ခံရပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သည်။

လော နှင့် ချူအန် တို့သည် အခြားကုမ္ပဏီသုံးခုအတူပါ၀င်လျက် သတင်းစာတိုက် တည်ထောင်သူ ဂျင်မီ လိုင်နှင့် အတူတကွ ပူးပေါင်းကြံစည်ပြီး ဟောင်ကောင် သို့မဟုတ် တရုတ်ပြည်မကြီးအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်လာစေရေး သို့မဟုတ် ရန်လိုသော လုပ်ရပ်များ လုပ်ဆောင်နိုင်ရေးအတွက် လျို့၀ှက်အားထုတ်ကြံစည်ခဲ့ကြကြောင်း တရားစွဲဆိုမှုတွင် ပြောထားခဲ့သည်။

ပူးတွဲ တရားစွဲဆိုချက်သည် Apple Daily နှင့် ဆက်နွယ်ပေါင်းစည်းထားသော လုပ်ငန်းကုမ္ပဏီသုံးခုဖြစ်သည့် Apple Daily Limited ၊ Apple Daily Printing Limited နှင့် AD

Internet Limited တို့ကိုလည်း ပစ်မှတ်ထားပြီး အကယ်၍ တရားခံများ စီရင်ချက်ချခံရပါက မဖြစ်မနေ လုပ်ငန်းပိတ်သိမ်းရခြင်း နှင့် ဒဏ်ငွေအရိုက်ခံရခြင်းတို့ကို ရင်ဆိုင်ရရန် ရှိနေသည်။

၁၉၉၅ ခုနှစ်က တည်ထောင်ခဲ့သည့် Apple Daily သည် ဟောင်ကောင်တွင် တရုတ်အစိုးရလိုလားသော အာဏာပိုင်များ၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်နှင့် ရင်ဆိုင်နေခဲ့ရသည်။ ယင်းသည် တရုတ်၏ နိုင်ထက်စီးနင်းပြုသည့် တုံ့ပြန်မှုများနှင့် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် ဖြိုခွင်းနှိမ်နင်းမှုတို့နှင့်ပတ်သက်ပြီး ဆန့်ကျင်ရန် ဆော်ြသခဲ့မှုအတွက် ပစ်မှတ်ထားခံရသည်ဟု ယုံကြည်ရသည်။

သတင်းစာ တည်ထောင်သူ ဂျင်မီလိုင်သည်လည်း သီးခြားအမှုတစ်ခုအဖြစ် ၂၀၁၈ ခုနှစ်အတွင်း ခွင့်ပြုချက်မရှိသည့် ဆန္ဒပြပွဲသုံးခုတွင် ပါ၀င်ပတ်သက်ခဲ့မှုအတွက် ထောင်ဒဏ်လ ၂၀ ပြစ်ဒဏ်ကျခံနေရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်တွင် ဟောင်ကောင်ရဲတပ်ဖွဲ့သည် လော နှင့် ချူအန် အပါအ၀င် Apple Daily ၏ အမှုဆောင် ငါးဦးကို ဖမ်းဆီးခဲ့ပြီး ယင်းသည် လုံခြုံရေးဥပဒေအောက်တွင် မီဒီယာ အေဂျင်စီတစ်ခု၏ အကြီးတန်း အယ်ဒီတာများ ပထမဆုံးအကြိမ် ဖမ်းဆီးခံရမှုလည်း ဖြစ်လာခဲ့သည်။

ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း သတင်းစာတိုက်၏ Tseung Kwan O ဌာနချုပ်ရှိ ဂျာနယ်လစ်များ၏ ကွန်ပြူတာအလုံး ၃၈ လုံးကို သိမ်းဆည်းခဲ့သလို ရဲအမှုတွဲ မှတ်တမ်းတွင် ပါ၀င်သည့် ကုမ္ပဏီသုံးခုက ပိုင်ဆိုင်သော ပိုင်ဆိုင်မှု ဟောင်ကောင်ဒေါ်လာ ၁၈ သန်းကို ပိတ်သိမ်းခြင်းတို့ ပါ၀င်နေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly