လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေး အဖမ်းခံရ

လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေး အဖမ်းခံရ
(ဓာတ်ပုံ-ကျော်ကျော်ထွေးဖေ့စ်ဘုတ်)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။            ။ လယ်သမားအရေးဆောင်ရွက်သူ မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မစုစုနွေးကို ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ပြင်ဦးလွင်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးသွားပြီး လက်ရှိတွင် ပြင်ဦးလွင် မြို့မရဲစခန်း အချုပ်ခန်းတွင် ရှိနေကြောင်း သူ၏ ခင်ပွန်းသည် ကိုမာကီးက မဇ္ဈိမကို ပြောသည်။

"အခု ပြင်ဦးလွင်မြို့မရဲစခန်း အချုပ်ခန်းထဲမှာပါ။ သူတို့က အာမခံယူဖို့ပြောတယ်။ ဒါပေမယ့် မစုစုနွေးက မယူတဲ့အတွက် ဖမ်းချုပ်လိုက်တယ်။ ဖမ်းတဲ့ကိစ္စကလည်း လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ပြင်ဦးလွင်မှာ မစုစုနွေးဦးဆောင်တဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့က လယ်ယာကိစ္စ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ခွင့်ပြုချက် မတင်လို့ဆိုပြီး ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၈နဲ့ပါ"ဟု ကိုမာကီးက ပြောသည်။

ပြင်ဦးလွင်မြို့နယ် ဧဒင်ဟိုတယ်တွင် ဒီဇင်ဘာ ၆ရက်က လူ့အခွင့်အရေးဟောပြောပွဲ ပြီးပြီးချင်း ညနေ ၄နာရီခွဲခန့်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက် (တနင်္လာ)နေ့တွင် ရုံးတင်မည်ဟုလည်း သိရသည်။

မစုစုနွေးနှင့်အတူ တောင်သူလယ်သမား ရှစ်ဦးကိုလည်း ပုဒ်မ ၁၈ဖြင့် တရားစွဲထားရခြင်းဖြစ်ပြီး လက်ရှိတွင် မစုစုနွေးကို ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly