ကမ္ဘာလုံးဆိုင်ရာ သြဇာအာဏာကို အသုံးချပြီး ထိုင်၀မ်ကို တရုတ်၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးရန် အမေရိကန် သိန္နိဋ္ဌာန်ချ

By Just Earth News
23 June 2021
ကမ္ဘာလုံးဆိုင်ရာ သြဇာအာဏာကို အသုံးချပြီး ထိုင်၀မ်ကို တရုတ်၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးရန် အမေရိကန် သိန္နိဋ္ဌာန်ချ

ထိုင်၀မ်၏ အဓိကကျသော semiconductor (တစ်ပိုင်းလျှပ်ကူးပစ္စည်း) လုပ်ငန်းအပါအ၀င် စီးပွားရေး၊ နိုင်ငံတကာဆိုင်ရာ ရပ်တည်မှုနှင့် ခုခံကာကွယ်ရေးပိုင်းတို့တွင် တရုတ်၏ ဘေးအန္တရာယ်မှ ခုခံရင်ဆိုင်နိုင်စွမ်း အားကောင်းစေရေးအလို့ငှာ အမေရိကန်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ သြဇာအာဏာနှင့် မဟာမိတ်ဖွဲ့မှုများကို အသုံးပြုသွားမည်ဖြစ်ကြောင်း အမေရိကန် အဆင့်မြင့်အရာရှိကြီးများက ပြောကြားလိုက်သည်။

ထိုင်၀မ်ကို ယင်း၏ စစ်ရေး အသုံးစရိတ် တိုးမြင့်စေရန်၊ ရွေ့လျား ကမ်းခြေစောင့် ခရု(စ်) ဒုံးကျည်စနစ်များတွင် ပိုမို ရင်းနှီးမြှုပ်နှံစေရန်၊ ယင်း၏ စစ်ဘက်ဆိုင်ရာ အရန်အစောင်ထားရှိမှုများကို မြှင့်တင်စေရန်အတွက် ဖိအားပေးနေသည် ဆိုလျင်တောင်မှ တိုင်ပေ အနေဖြင့် ပေကျင်းဘက်က တုံ့ပြန်မှုကို ဖြစ်စေမည့် တမင်ဆွသည့် မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ရှားရလိမ့်မည်ဖြစ်သည်ဟု ၀ါရှင်တန်ဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်မည်ဖြစ်ကြောင်း ၎င်းတို့က ဇွန်လ ၁၇ ရက်တွင် ကွန်ဂရက်သို့ ပြောခဲ့သည်ဟု The South China Morning Post က ဖော်ပြသည်။

“ထိုင်၀မ်အနေနဲ့ ကိုယ့်ဘာသာ ခုခံကာကွယ်နိုင်စွမ်း ရှိဖို့ကို သေချာစေဖို့အတွက် မိမိတို့အနေနဲ့ လုပ်ဆောင်ချက်တွေ လုပ်‌ဆောင်နေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ တရုတ်၊ မွန်ဂိုလီးယားနှင့် ထိုင်၀မ် ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ဒုလက်ထောက်၀န်ကြီး ဂျိုနသန် ဖရစ်ဇ်၏ ပြောကြားချက်ကို အဆိုပါ သတင်းစာက ကိုးကားဖော်ပြသည်။ ယင်းသည် တရုတ်၏ မည်သည့် ကျူးကျော်မှုမဆို၏ ဖြစ်နိုင်ခြေ ထိခိုက်ဆုံးရှုံးမှုအပေါ် ပိတ်ပင်ဟန့်တားသလို ဖြစ်စေမည့် “ဖြူကောင်” ချဥ်းကပ်လုပ်ကိုင်နည်းလမ်းတစ်ခုဖြစ်သည်ဟု ယင်းက ဖော်ပြသည်။

ထို့ပြင် ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများတွင် ထိုင်၀မ် ပူးပေါင်းပါ၀င်ခြင်းကို ပိတ်ပင်မည့် တရုတ်၏ အားထုတ်မှုများနှင့် သံတမန်ရေးရာ မဟာမိတ်များကို “ယင်း၏ ကျူးကျော်၀င်ရောက်မှု” တို့ကို အမေရိကန်အစိုးရဘက်က တန်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိများက အရှေ့အာရှ၊ ပစိဖိတ်နှင့် နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေး မူ၀ါဒ ဆိုင်ရာ ဆိနိတ်ကော်မတီခွဲရှေ့မှောက်တွင် ပြောကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သတင်းစာက ဖော်ပြသည်။

တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးသည် ပြီးခဲ့သည့် နှစ်များအတွင်း စံချိန်တင် ကျဆင်းထားခဲ့သည်။

အဆိုပါ အင်အားကြီးနှစ်နိုင်ငံသည် ကိုဗစ်-၁၉ ကိစ္စအပါအ၀င် အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး မခံချိမခံသာ အပြန်အလှန် ပြောဆိုမှုများ လုပ်ဆောင်ထားခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly