ထိုင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ထိုင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြ
Photo - AFP

ဇွန် ၂၄

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူ ရာနဲ့ချီတို့ဟာ ဇွန်လ ၂၄ ရက်မှာ ဘန်ကောက်မြို့တွင်း စုဝေးချီတက်ခဲ့ကြပြီး ၀န်ကြီးချုပ် ပရာယွတ်အစိုးရ နုတ်ထွက်ရေးအတွက် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ထိုင်း ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေဟာ နိုင်ငံမှာ လက်ရှိကာလ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတာနဲ့ပတ်သက်လို့ အာဏာပိုင်တွေရဲ့ သတိပေးမှုတွေကို ဖီဆန်ရင်း ခုလို ဆန္ဒထုတ်ဖော်မှုတွေကို လုပ်ဆောင်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ယင်းနိုင်ငံမှာ အကြွင်းမဲ့သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်တစ်ခုဆီ ကူးပြောင်းစေခဲ့တဲ့ ၁၉၃၂ ထိုင်းတော်လှန်ရေးရဲ့ ၈၉ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ ခုလို ချီတက်ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်၀က်အတွင်းမှာတော့ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းအစိုးရအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့မှာ နေ့တိုင်းနီးပါး ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေ၊ ကျောင်းသားခေါင်း‌ဆောင်တွေ အကျဉ်းချခံရမှုတွေ ဖြစ်ပေါ်ပြီးနောက် ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုဟာ အရှိန်သေသွားခဲ့ပါတယ်။

အဆိုပါ နိုင်ငံမှာ ယခုအခါ ဗိုင်းရပ်စ် ကူးစက်မှု တတိယလှိုင်းတစ်ခုနဲ့ ရင်ဆိုင်နေရပြီး နေ့အလိုက် ကူးစက်ခံရသူအရေအတွက်ဟာ ၃,၀၀၀ ၀န်းကျင်မှာ ရှိနေချိန် အာဏာပိုင်တွေဘက်ကတော့ အများပြည်သူစုဝေးမှုတွေအပေါ် အာဏာသုံး တင်းကျပ်နှိပ်ကွပ်မှုတွေ လုပ်ထားခဲ့ပါတယ်။

ရဲ သတိပေးချက်တွေ ရှိနေတဲ့ကြားကပဲ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ယနေ့ ဇွန်လ ၂၄ ရက်မှာ ဘန်ကောက်ရဲ့ အဓိကလမ်းဆုံနေရာတစ်ခုဖြစ်တဲ့ ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်နေရာမှာ စုဝေးခဲ့ကြပြီး ၀န်ကြီးချုပ် ပရာယွတ် အစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် ပါလီမန်လွှတ်တော်ဆီ ဦးတည်ပြီး ချီတက်ခဲ့ကြပါတယ်။

အစောဆုံး ရောက်ရှိခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာလည်း မနက် အရုဏ်မတက်မီ ဖယောင်းတိုင်မီးထွန်းညှိ ပွဲတစ်ခုအတွက် လမ်းဆုံနေရာမှာ စုဝေးခဲ့ကြပါတယ်။

အသက် ၁၆ နှစ်အရွယ် ဆန္ဒပြကျောင်းသူတစ်ဦးဖြစ်တဲ့ ဆွမ်က သူမအနေနဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို စိုးရိမ်နေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

“ကျွန်မတို့ဆီမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ နိုင်ငံဟာ တိုးတက်မှု ကင်းမဲ့နေပါတယ်” လို့ ဆွမ်က အေအက်ဖ်ပီကို ပြောသွားပါတယ်။

တော်၀င် အသရေဖျက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့လက အာမခံနဲ့ ပြန်လွတ်ထားခဲ့တဲ့ ကျောင်းသား ခေါင်း‌ဆောင် ပါရစ် “ပင်ဂွင်း” ချီ၀ါရက်ခ်ဟာလည်း အလံတစ်ခု ကိုင်ပြီး ပလတ်စတစ် ရွှေသရဖူတစ်ခုကို ဆောင်းရင်း ပါ၀င်ချီတက်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို မှေးမှိန်လျှောချပစ်လို့ မဖြစ်ပါဘူး၊  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူဆီကနေပဲ ဆင်းသက်ရမှာဖြစ်ပါတယ်” လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဂျတူပက် ပိုင် ဘွန်ပက်တာရာရက်ခ်ဆာက လော်စပီကာနဲ့ အော်ပြောခဲ့ပါတယ်။

အလားတူ ဆန္ဒပြသူတစ်ချို့ဟာဆိုရင် နိုင်ငံမှာ ပြင်းထန်တဲ့ ‌တော်၀င်အသရေဖျက်မှု ဥပဒေကို ရည်ညွှန်းပြီး “ပုဒ်မ ၁၁၂ ဖျက်သိမ်းရေး” ဆိုတဲ့ စာသားပါ ဆိုင်းပုဒ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ နိုင်ငံမြောက်ပိုင်းက ခရီးသွားမြို့ ချင်းမိုင် ကနေ စပြီး တောင်ပိုင်းက နခွန်စီထမရတ်ပြည်နယ်အထိ နိုင်ငံတ၀န်း ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက် အပါအ၀င် ယမန်နှစ်က ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှု‌ကြောင့် နိုင်ငံမှာ ပြင်းထန်ဂယက်လှိုင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အဆိုပါ လှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း လူပေါင်း ၁၅၀ လောက် တရားစွဲခံခဲ့ရသလို အဓိက ခေါင်းဆောင်တွေဟာလည်း ပြင်းထန်တဲ့ တော်၀င်အသရေဖျက်မှု ဥပဒေတွေအောက်မှာ စွဲချက်အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၎င်းတို့အနက် အများအပြားကတော့ အာမခံတွေနဲ့ ပြန်လွတ်ထားခဲ့ပါတယ်။

ယမန်နေ့ကတော့ ထိုင်းအာဏာပိုင်တွေဘက်က နိုင်ငံမှာ လက်ရှိကာလ ဗိုင်းရပ်စ် ကူးစက်မှုတွေဖြစ်နေတဲ့အတွက် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ သတိပေးပြောဆိုမှုတွေ လုပ်ထားခဲ့ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly