တရုတ်က ယင်း၏ အာကာသစခန်းသို့ ပထမဆုံးသော အာကာသယာဉ်မှူးအဖွဲ့ကို စေလွှတ်ပို့ဆောင်

တရုတ်က ယင်း၏ အာကာသစခန်းသို့ ပထမဆုံးသော အာကာသယာဉ်မှူးအဖွဲ့ကို စေလွှတ်ပို့ဆောင်

တရုတ်သည် ယင်းကိုယ်တိုင် တည်ဆောက်သည့် အာကာသစခန်းသို့ ဇွန်လ ၁၇ ရက်တွင် ပထမဆုံးသော အာကာသယာဉ်မှူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပို့ဆောင်လိုက်ပြီ ဖြစ်သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအနေဖြင့် ယင်း၏ အာကာသဆိုင်ရာ လုပ်နိုင်စွမ်းများကို မြှင့်တင်ရန်နှင့် အမေရိကန်ကို စိန်ခေါ်ရန် ကြိုးပမ်းနေစဉ် ယင်းသည် အဓိကကျသည့် လုပ်ဆောင်ချက်ခြေလှမ်းတစ်ခုလည်း ဖြစ်ခဲ့သည်။

အာကာသယာဉ်မှူး သုံးဦးဖြစ်သည့် နီ ဟိုင်စန်း၊ လျို ဘိုမင် နှင့် တန် ဟုန်ဘို တို့သည် ရှန်ကျိုး-၁၂ အာကာသယာဉ်ဖြင့် လိုက်ပါသွားကြခြင်းဖြစ်ပြီး အဆိုပါ ရှန်ကျိုး-၁၂ အာကာသယာဥ်ကို တရုတ်စံတော်ချိန် မနက် ၉ နာရီ ၂၂ မိနစ်ခန့်က Long March-2F ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းကို နိုင်ငံအနောက်မြောက်ဘက်ရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

မစ်ရှင်သည် “ပြီးပြည့်စုံသော အောင်မြင်မှု” တစ်ခု ဖြစ်ခဲ့ကြောင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ညွှန်ကြားရေးမှူး ကျန်း ကျီဖုန်းက ဒေသစံတော်ချိန် မနက် ၉ နာရီ ၄၃ မိနစ်ခန့်တွင် ပြောသည်။

ယင်းသည် တရုတ်က ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာကာသထဲသို့ လူလိုက်ပါသော မစ်ရှင်တစ်ခု လွှတ်တင်ခြင်းဖြစ်ပြီး ပေကျင်းသည် ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်အတွက် ပြင်ဆင်နေချိန် ယင်းက အဓိကကျသည့် ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ရန် ရှိနေသည်။

တရုတ်သည် နည်းပညာ နယ်ပယ်ကဏ္ဍ အတော်များများတွင် အမေရိကန်ကို စိန်ခေါ်ရန် ကြိုးပမ်းလျက်ရှိစဥ် ပေကျင်းသည် အာကာသစူးစမ်းလေ့လာရေးကို ဦးစားပေးကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားသည်။

တရုတ်သည် ယင်း၏ မော်ဂျူး သုံးခုပါ ကိုယ်တိုင်တည်ဆောက်သည့် အာကာသစခန်းကို ၂၀၂၂ ခုနှစ်မတိုင်မီ အပြည့်အ၀ လည်ပတ်အသုံးပြုနိုင်ရန် မျှော်မှန်းထားသည်။

တရုတ်သည် ပြီးခဲ့သည့် ဧပြီလက အာကာသစခန်း၏ မော်ဂျူးသုံးခုအနက် တစ်ခုဖြစ်သည့် အာကာသယာဥ်မှူးများအတွက် နေထိုင်စရာ နေရာများဖြစ်မည့် “Tianhe” ဟု ခေါ်သော ပင်မခန်းတစ်ခုကို လွှတ်တင်ထားခဲ့သည်။ ပြီးခဲ့သည့်လကလည်း တရုတ်သည် Tianhe တွင် ချိတ်ဆက်ဆိုက်ကပ်ရန် Tianzhou-2 ကုန်တင်အာကာသယာဥ်ကို လွှတ်တင်ပို့ဆောင်ခဲ့သည်။ ဤ အာကာသယာဉ်တွင် အာကာသယာဥ်မှူးများအတွက် အစားအစာကဲ့သို့သော အထောက်အပံ့ပစ္စည်းများ ပါရှိသည်။

တရုတ်သည် ယခုနှစ်နှင့် လာမည့်နှစ်တွင် အာကာသစခန်း တည်ဆောက်မှုကို အပြီးသတ်ရန်အတွက် လူလိုက်ပါသော မစ်ရှင် လေးခုအပါအ၀င် မစ်ရှင် ၁၁ ခု ကို ဆောင်ရွက်မည်ဖြစ်သည်။

ဇွန်လ ၁၇ ရက်က အာကာသစခန်းသို့ ပို့ဆောင်လိုက်သော အာကာသယာဉ်မှူးသုံးဦးသည် ယင်းတွင် သုံးလကြာ ရှိနေမည်ဖြစ်ပြီး အာကာသစခန်း၌ အသက်ရှင်မှုအထောက်အကူပြု လုပ်ကိုင်မှုနည်းလမ်းများနှင့် ဂြိုဟ်ပတ်လမ်းတွင်း ပြုပြင်ထိန်းသိမ်းမှုကဲ့သို့သော အာကာသစခန်း လည်ပတ်လုပ်ကိုင်မှုနှင့် တည်ဆာက်မှုအတွက် လိုအပ်သော နည်းပညာများကို စစ်ဆေးမည်ဖြစ်သလို အာကာသထဲ လမ်းလျှောက်မှုကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly