ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးရေး ရည်မှန်းချက် အလျဉ်မမီနိုင်လို့ အိမ်ဖြူတော် ပြော 

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးရေး ရည်မှန်းချက် အလျဉ်မမီနိုင်လို့ အိမ်ဖြူတော် ပြော 
Photo - AFP

ဇွန် ၂၃

ဇူလိုင် ၄ ရက် မကျော်ခင် အမေရိကန်က အရွယ်ရောက်ပြီးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးရေး ရည်မှန်းချက်ကို ပြည့်မီစေနိုင်မှာ မဟုတ်ဘူးလို့ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက အင်္ဂါနေ့မှာ ဝန်ခံပြောဆိုပါတယ်။ 

“အရွယ်ရောက်ပြီးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို အနည်းဆုံး ကာကွယ်ဆေး ပထမဆေး ထိုးနှံပေးနိုင်ဖို့အတွက်မှာ နောက်ထပ် သီတင်းပတ်အနည်းငယ် အချိန်ယူရလိမ့်မယ်လို့ ကျွန်တော်တို့ ထင်မြင်ပါတယ်”လို့ အိမ်ဖြူတော် ကိုဗစ်တုံ့ပြန်ရေးအဖွဲ့ အကြီးအကဲဖြစ်သူ ဂျက်ဖရေးဇီယန့်စ်က ပြောပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဖြစ်တဲ့ Pfizer၊ Moderna ဒါမှမဟုတ် Johnson & Johnson ကာကွယ်ဆေး တစ်လုံး သို့မဟုတ် နှစ်လုံး ထိုးနှံပြီး အသက် ၁၈ ကျော် ဦးရေဟာ အင်္ဂါနေ့အထိ ၆၅ ဒသမ ၄ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ကာကွယ်ဆေး လာရောက်ထိုးနှံခံကြတဲ့ နှုန်းထားဟာ တစ်နေ့ကို ပျမ်းမျှ ၃ ဒသမ ၄ သန်း အထွဋ်အထိပ် အမြင့်ဆုံးရှိခဲ့တဲ့ ဧပြီလကစလို့ ကျဆင်းလာခဲ့တာပါ။ နောက်ဆုံး ပျမ်းမျှ ကာကွယ်ဆေးထိုးနှံခံသူဦးရေဟာ တစ်နေ့ကို ၈၅၀၀၀၀ ဝန်းကျင်ပဲ ရှိတော့တာ ဖြစ်ပါတယ်။ 

ပြည်နယ်အလိုက် ကာကွယ်ဆေး ထိုးနှံခံသူဦးရေဟာလည်း ကွဲပြားခြားနားမှု ရှိနေပါတယ်။ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ ကာကွယ်ဆေး ထိုးနှံခံသူ များပြားပြီး ဗားမောင့်ပြည်နယ်က ကာကွယ်ဆေး ပထမအလုံး ထိုးနှံပြီး ၈၄ ရာခိုင်နှုန်းနဲ့ ကာကွယ်ဆေး အပြည့်ထိုးပြီးသူ ၇၅ ရာခိုင်နှုန်း ရှိနေပြီး အများဆုံးအဖြစ် ဦးဆောင်နေပါတယ်။ 

တောင်ပိုင်းပြည်နယ်တွေကတော့ ကာကွယ်ဆေး ထိုးနှံကြသူ နည်းပါးကြပြီး မစ္စစ္စပီပြည်နယ်ဆိုရင် ပထမကာကွယ်ဆေး ထိုးနှံပြီးသူဟာ အရွယ်ရောက်ပြီးသူတွေရဲ့ ၄၅ ရာခိုင်နှုန်း ရှိပြီး ဒုတိယကာကွယ်ဆေးပါ ထိုးနှံပြီးသူနှုန်းကတော့ ၃၇ ရာခိုင်နှုန်းပဲ ရှိတာ ဖြစ်ပါတယ်။ 

Kaiser Family Foundation ရဲ့ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ စစ်တမ်းကောက်ယူချက်အရတော့ ကာကွယ်ဆေး မထိုးကြသူ အရွယ်ရောက်ပြီးသူတွေမှာ အငယ်ပိုင်းတွေက အများစုဖြစ်ပြီး ပညာရည်နိမ့်ပါးသူတွေ ဖြစ်ကြောင်းနဲ့ ရီပတ်ဘလီကန်တွေ ပိုပြီး ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်မှာ ရည်မှန်းသလို နှုန်းထားပြည့်မီအောင် ကာကွယ်ဆေး ထိုးနှံပြီးမှာ မဟုတ်ဘူးဆိုပေမယ့် ကပ်ဘေးမတိုင်ခင် ပုံမှန်အခြေအနေဆီ နိုင်ငံက ပြန်လည်ရောက်ရှိစေရာမှာ အစိုးရအနေနဲ့ မျှော်လင့်ထားတာထက် အတိုင်းထက်အလွန် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဂျက်ဖရေးဇီယန့်စ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly