မော်စကိုမှာ နှစ် ၁၂၀ အတွင်း စံချိန်တင် အပူလှိုင်း ကျရောက် 

မော်စကိုမှာ နှစ် ၁၂၀ အတွင်း စံချိန်တင် အပူလှိုင်း ကျရောက် 
Photo - AFP

ဇွန် ၂၃

ရာသီဥတု ပြောင်းလဲမှုကြောင့် နှစ် ၁၂၀ အတွင်း စံချိန်တင်အပူချိန်အဖြစ် မော်စကိုမြို့တော်မှာ အခု သီတင်းပတ်အတွင်း သမိုင်းတင် အပူလှိုင်းကျရောက်ကြောင်း ရုရှမိုးလေဝသဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။ 

တနင်္လာနေ့မှာ မြို့တော်ရဲ့ အပူချိန်ဟာ ၃၄ ဒသမ ၇ ဒီဂရီဆဲလ်စီးရပ်စ်(၉၄ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်)အောက် ကျရောက်ပြီး ၁၉၀၁ ခုနှစ် ဇွန်လ ရက်တစ်ရက်က စံချိန်တင်အပူချိန်နဲ့ ထပ်တူဖြစ်ခဲ့ကြောင်း Roshydromet မိုးလေဝသဌာနအရ သိရပါတယ်။ 

၁၈၈၁ ခုနှစ်ကစတင်ပြီး မှတ်တမ်းမှတ်ယူတဲ့ အဲဒီ မိုးလေဝသဌာနက ကြာသပတေးနဲ့ သောကြာနေ့တွေမှာ အပူချိန် ၃၅ ဒီဂရီဆဲလ်စီးရပ်စ်(၉၅ ဒီဂရီဖာရင်ဟိုက်)အထက် မြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

“မော်စကိုမှာ ဒီကနေ့ရဲ့ အပူချိန်မြင့်တက်တာဟာ နှစ်ပေါင်း ၁၂၀ အတွင်းမှာ မကြုံဖူးတဲ့ အပူချိန်ပါပဲ”လို့ Roshydromet မိုးလေဝသဌာနက မိုးဇလပညာရှင် မာရီနာမာကာရိုဗာက အေအက်ဖ်ပီကို ပြောပါတယ်။ 

မော်စကိုမြို့ရဲ့ အပူချိန်အမြင့်မားဆုံးအဖြစ် စံချိန်တင်ထားတာကတော့ ရုရှအနောက်ပိုင်းဒေသအများစုမှာ အပူလှိုင်းကြီး ကျရောက်ပြီး မီးလောင်မှုကြီးတွေ ဖြစ်တဲ့ ၂၀၁၀ ဇူလိုင်လအတွင်းက ၃၈ ဒီဂရီဆဲလ်စီးရပ်စ်(၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်)ကျော် အပူချိန်နဲ့ စံချိန်တင်ထားတာပဲ ဖြစ်ပါတယ်။ 

မော်စကို အနောက်မြောက်ပိုင်း ကီလိုမီတာ ၆၀၀ အကွာခန့်က ရုရှရဲ့ ဒုတိယမြို့တော် စိန့်ပီတာစဘတ်မှာလည်း အခုလအတွင်း ပူပြင်းတဲ့ ရာသီဥတု ဖြစ်ပေါ်ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း အပူချိန် အမြင့်မားဆုံးအဖြစ် ၃၄ ဒီဂရီဆဲလ်စီးရပ်စ်(၉၃ ဒသမ ၂ ဒီဂရီဖာရင်ဟိုက်)အထိ ရှိနေပါတယ်။ 

“ဒီလို ပူတာမျိုး ကျွန်တော်တို့ မကြုံဖူးတာတော့ အမှန်ပဲ”လို့ အသက် ၃၅ နှစ်အရွယ် စာရင်းစစ်တစ်ဦးဖြစ်တဲ့ ပါဗယ်လ်ကာရာပတ်ယန်းက ပြောပြီး နေရထိုင်ရခက်တယ်လို့ ဖြည့်စွက်ဆိုပါတယ်။ 

ဒါပေမဲ့ ရုရှရဲ့ ရှည်ကြာအေးမြတဲ့ ဆောင်းရာသီတွေနဲ့ အဓိကနှိုင်းယှဉ်ပြီး ခုလို ရာသီအပြောင်းကို သဘောကျသူတွေလည်း ရှိနေပါတယ်။ 

“ကျွန်တော်တို့က ဆိုက်ဘေးရီးယားကပါ၊ အဲမှာကတော့ အေးတယ်ဗျ၊ အခု ဒီမှာ နေရတာ အတော်လေး ကောင်းတယ်”လို့ အသက် ၃၃ နှစ်ရွယ် အလက်ဇန္ဒြားရှာမဲလ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးအပူချိန် မြင့်တက်လာတာကြောင့် အပူလှိုင်းတွေဟာ မကြာခဏ ကျရောက်ပြီး ပြင်းထန်ကာ သက်ရောက်မှုလည်း ပိုပြီး ကျယ်ပြန့်လာနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly