ဘီလာရုစ် တာဝန်ရှိသူ ဒါဇင်များစွာကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ 

ဘီလာရုစ် တာဝန်ရှိသူ ဒါဇင်များစွာကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ 
Photo - AFP

ဇွန် ၂၂ 

ခရီးသည်တင် လေယာဉ်ကို အတင်းအကြပ် လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့တဲ့ ဘီလာရုစ်နိုင်ငံက သဘောထားတင်းမာသူ သမ္မတ လူကာရှန်ကိုကို အနောက်မဟာမိတ်တွေရဲ့ ဖိအားပေးမှုမှာ ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် အမေရိကန်နိုင်ငံဟာ ဘီလာရုစ် တာဝန်ရှိသူ ဒါဇင်များစွာကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာခဲ့ပါတယ်။ 

“ဘီလာရုစ် ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ပြင်းပြတဲ့ ဆန္ဒကို ထောက်ခံအားပေးပြီး အနောက်မဟာမိတ်တွေနဲ့ ပူးပေါင်းရင်း ခုလို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရတာ ဖြစ်တယ်”လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်က ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ 

အမေရိကန်နဲ့ မဟာမိတ်တွေအနေနဲ့ ဘီလာရုစ်က လူကာရှန်ကို အစိုးရကို အရေးယူမှုတွေ တော်တော်လေး ချမှတ်ထားပါတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ယန်းဆာကီကလည်း သတင်းထောက်တွေကို ပြောပါတယ်။ 

အနောက်အုပ်စုက အတုအယောင်လို့ ယူဆထားတဲ့ ဩဂုတ်လ ရွေးကောက်ပွဲမှာ လူကာရှန်ကိုဟာ အနိုင်ရကြောင်း အတည်ပြုပြီးနောက်ပိုင်းကစလို့ အတိုက်အခံတွေကို ရက်ရက်စက်စက် ဖြိုခွင်းတာကြောင့် အီးယူနဲ့ အမေရိကန်တို့ဟာ ဘီလာရုစ်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ဒါဇင်များစွာကို ပစ်မှတ်ထား ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ လူကာရှန်ကိုရဲ့ ပြန်ကြားရေးအတွင်းဝန်အပါအဝင် လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ အဖွဲ့အစည်း ငါးခုကို အမေရိကန်က ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ပြီး ဘယ်လို အရောင်းအဝယ် လုပ်ငန်းကိစ္စမျိုးကိုမဆို တားမြစ်ကြောင်း တနင်္လာနေ့မှာ ကြေညာပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဘီလာရုစ်က တာဝန်ရှိသူ ၄၆ ဦးကို အမေရိကန်ဆီ ခရီးသွားလာခွင့် ပိတ်ပင်တယ်လို့ ပြောဆိုပါတယ်။ 

ဘီလာရုစ် အာဏာပိုင်တွေဟာ ပိုင်နက်ဝေဟင်က ဖြတ်သန်းတဲ့ ခရီးသည်တင်လေယာဉ်ကို ဗုံးခြိမ်းခြောက်မှုရှိတယ်ဆိုပြီး အတင်းအကြပ် ဆင်းသက်စေကာ အတိုက်အခံ ဂျာနယ်လစ်နဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးကို ဖမ်းဆီးခဲ့တာကြောင့် အမေရိကန်ဟာ ဘီလာရုစ်ရဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေကို မေလအတွင်းမှာ ဒဏ်ခတ်ပိတ်ဆို့တွေ များစွာ ချမှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ 

အခု နောက်ဆုံး ချမှတ်လာတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတော့ အီးယူ၊ ဗြိတိန်နဲ့ ကနေဒါတို့အတူ ပူးပေါင်းလုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly