မြန်မာအိမ်ဖော်ကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုဖြင့် စင်္ကာပူအိမ်ရှင်အမျိုးသမီးကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်

မြန်မာအိမ်ဖော်ကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုဖြင့် စင်္ကာပူအိမ်ရှင်အမျိုးသမီးကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်

ဇွန် ၂၂

မြန်မာအိမ်ဖော်မိန်းကလေးတစ်ဦးအား အစာအငတ် ထား၊ ညှင်းပန်းနှိပ်စက်ပြီး အဆုံးစွန်တွင် အသတ်သေစေသည်အထိ ကျူးလွန်ခဲ့သော အသက် ၄၁ နှစ်အရွယ် စင်္ကာပူအိမ်ထောင်ရှင်မတစ်ဦးကို ဇွန်လ ၂၂ ရက်တွင် စင်္ကာပူတရားရုံးတစ်ခုက ထောင်ဒဏ် အနှစ် ၃၀ ချမှတ်လိုက်ပြီ ဖြစ်သည်။

ဂိုင်ယာသီရိ မူရူဂေယန် အမည်ရှိ စင်္ကာပူအိမ်ရှင်အမျိုးသမီးကို စီရင်ချက် ချမှတ်စဉ်စင်္ကာပူတရားရုံးချုပ်တရားသူကြီး ဆီးကီးအွန်က “တရားခံဖြစ်သူရဲ့ ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေရဲ့ ကမ်းကုန်အောင် ရက်စက်မှုက စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရနိုင်အောင်ပါပဲ” ဟု ပြောသွားခဲ့သည်။

ယခု အမှုကိစ္စသည် “အဆိုး၀ါးဆုံးသော လူသေစေမှု ပုံစံများထဲတွင် ပါ၀င်ကြောင်း” ၎င်းက ပြောခဲ့ပြီး အိမ်ဖော်မိန်းကလေးသည် သူမ မသေဆုံးမီ အချိန်ကာလကြာထိ မချိမဆံ့ နာကျင်မှုများကို ခံစားခဲ့ရသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ပြစ်ဒဏ်စီရင်ချက်ချမှတ်မှုက လူမှုဆိုင်ရာ နာကြည်းဒေါသထွက်မှုနှင့် စက်ဆုပ်ရွံရှာမှုကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်သော်လည်း စီရင်ချက်ချမှတ်မှုအပေါ် သက်ရောက်စေခဲ့သည့် တရားခံဖြစ်သူ ဂိုင်ယာသီရိ၏ စိတ်ရောဂါ ဝေဒနာတစ်ခု ခံစားနေခဲ့ရသည်ဆိုသည့် အချက်ကိုမူ လျစ်လျူရှု၍ မရနိုင်ဟု တရားသူကြီးက ပြောခဲ့သည်။

ဂိုင်ယာသီရိတွင် ယခင်က အိမ်အကူ လေးဦး ရှိခဲ့ဖူးပြီး ၎င်းတို့သည် သူမအပေါ် မည်သည့် တိုင်ကြားချက်မှ မလုပ်ထားခဲ့သလို သူမအနေဖြင့် ‌ရောဂါဝေဒနာကြောင့် အကြမ်းဖက်လိုသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပုံ မပေါ်ခဲ့ဟု ၎င်းက မှတ်ချက်ပြုသည်။

ဂိုင်ယာသီရိသည် စွဲချက် ၂၈ ခုအတွက် အပြစ်ရှိကြောင်း ဖေဖေါ်၀ါရီလက ၀န်ခံခဲ့သည်။ အကြီးလေးဆုံးသော စွဲချက်သည် လူသေစေမှုဖြစ်ပြီး ယင်းအတွက် ရှေ့နေများဘက်က တရားခံဖြစ်သူကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရစေရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

အခြားသော စွဲချက်များထဲတွင် ထိခိုက်နာကျင်စေမှုနှင့် သက်ဆိုင်သည့် စွဲချက် အများစု ပါ၀င်ပြီး အသက် ၂၄ နှစ်ရှိ မြန်မာအိမ်ဖော်ဖြစ်သူ မပိုင်ညိမ်းဒွန်းအပေါ် ကိုယ်ထိလက်ရောက် နည်းလမ်းစုံဖြင့် ညှင်းပန်းနှိပ်စက်ခဲ့မှုများ ပါ၀င်ခဲ့သည်။ မပိုင်ညိမ်းဒွန်းသည် နောက်ဆုံးအကြိမ်အဖြစ် ညှင်းပန်းနှိပ်စက်ခံရပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်က သေဆုံးခဲ့စဉ်အချိန်က သူမ၏ ကိုယ်အလေးချိန်မှာ ၂၄ ကီလိုသာ ရှိတော့သည်ကို တွေ့ခဲ့ရသည်။

အခြားသော စွဲချက် ၈၇ ခုကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း သိရသည်။

အင်္ဂါနေ့က စီရင်ချက် ချမှတ်မှုအတွင်း တရားခံရှေ့နေဖြစ်သူ ဂျိုးဇက် ချန်က ၎င်း၏ အမှုသည်ကို ထောင်ဒဏ် ရှစ်နှစ်ကနေ ကိုးနှစ်အထိသာ ကျခံရစေ‌ရေး ကြိုးပမ်းခဲ့သည်။

၎င်း၏ အမှုသည် သည် ကလေးမီးဖွားပြီးရုံသာ ရှိနေခဲ့သည့် စိတ်ပိုင်းဆိုင်ရာ မူမမှန်ဖြစ်နေသည့် မိခင်တစ်ဦးဖြစ်နေခဲ့ကြောင်း၊ သူမ၏ ကလေးများ၏ နေထိုင်မကောင်းဖြစ်မှုအခြေအနေများအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရကြောင်းနှင့် ကလေးများ နေထိုင်မကောင်းဖြစ်ခြင်းမှာ အိမ်ဖော်ဖြစ်သူ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု သူမအနေဖြင့် ယုံကြည်ခဲ့ကြောင်း တရားခံရှေ့နေက လျှောက်လဲခဲ့သည်။

“ဒီလိုမျိုး စိတ်ဖိစီးမှုတွေ စုပေါင်းသွားရာကနေ သူမဟာ အိမ်ဖော်ကို ညှင်းပန်းနှိပ်စက်တတ်သူမျိုး မဟုတ်တဲ့သူတစ်ဦးအဖြစ်ကနေ အိမ်ဖော်ကို ညှင်းပန်းနှိပ်စက်တတ်သူတစ်ဦးအဖြစ် ပြောင်းလဲသွားစေခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် ၎င်း၏ အမှုသည် သည် ယခုအခါ သူမ လုပ်ခဲ့သမျှတိုင်းအတွက် နောင်တရနေပြီဖြစ်သလို ၀မ်းနည်းမိနေကြောင်း မစ္စတာ ချန်က ပြောသည်။

သို့ရာတွင် အစိုးရဒုတိယရှေ့နေ မိုဟာမက် ဖိုင်ဇယ်လ် မိုဟာမက် အဗ္ဘဒူလ် ကာဒီအာက “ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်မှုက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရခြင်း မဟုတ်” ဟု တုံ့ပြန်ခဲ့သည်။

သူမ၏ အခြေအနေကြောင့်လည်း မစ္စ ပိုင်အား သေဆုံးစေမှုအတွက် စွဲချက်ကို လူသတ်မှုကနေ လူသေစေမှုသို့ လျှော့ချထားခဲ့သည့် အကြောင်းရင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“ဒါက နှိုင်းယှဉ်လို့ မရနိုင်တဲ့ ထိတ်လန့်စရာ အမှုဖြစ်ပါတယ်” ဟု ဖိုင်ဇယ်လ်က ပြောခဲ့သလို ဂိုင်ယာသီရိ၏ လုပ်ရပ်များမှာ “လူမဆန်သလို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်” ဟု ပြောခဲ့သည်။

မစ္စ ပိုင်သည် အဆိုပါ မိသားစုအတွက် ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်မှစပြီး အလုပ်လုပ်ပေးခဲ့ပြီး သူမသည် လများစွာကြာ နေ့တိုင်းနီးပါး နှိပ်စက်ခံခဲ့ရကြောင်း သိရသည်။

၎င်းတို့နေအိမ်တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာမှတ်တမ်းများအရ ဂိုင်ယာသီရိသည် မစ္စ ပိုင် ကို ရေအေးဖြင့် လောင်းချခြင်း၊ ပါးရိုက်ခြင်း၊ တွန်းထိုးခြင်း၊ ထိုးကြိတ်ခြင်း၊ ကန်ကျောက်ခြင်းနှင့် ခြေထောင်ဖြင့် ဆောင့်နင်းခြင်းတို့ကို ကျူးလွန်ခဲ့သည်ကို ပြသထားသည်။

ထို့ပြင် သူမသည် အိမ်ဖော်ဖြစ်သူကို အရာ၀တ္ထပစ္စည်းများဖြင့် ပစ်ပေါက်ခြင်း၊ ဆံပင် ဆောင့်ဆွဲခြင်း၊ အကြမ်းပတမ်း လှုပ်ခါခြင်း၊ မီးပူဖြင့် ကပ်ခြင်းနှင့် လည်ပင်းညှစ်ခြင်း တို့ကိုလည်း ကျူးလွန်ထားခဲ့ကြောင်း သိရသည်။

အိမ်ဖော်ဖြစ်သူ မစ္စ ပိုင်အား ညှင်းပန်းနှိပ်စက်မှုတွင် အိမ်ရှင်အမျိုးသမီး ဂိုင်ယာသီရိ အပြင် သူမ၏ မိခင်ဖြစ်သူ အသက် ၆၂ နှစ်အရွယ် ပရီမာ အက်စ် နာရေနာဆာမိုင် နှင့် ခင်ပွန်းဟောင်း အသက် ၄၂ နှစ်ရှိ ချီလ်ဗန်တို့လည်း ပါ၀င်ပတ်သက်နေခဲ့သည်။

ယခုအခါ ချီလ်ဗန်သည် မစ္စပိုင် ညှင်းပန်းခံရမှုနှင့်ဆက်စပ်ပြီး စွဲချက်များနှင့် ရင်ဆိုင်နေရသလို ပရီမာသည်လည်း ၂၀၁၆ ခုနှစ်က တရားစွဲဆိုခံထားရကြောင်း သိရသည်။

၎င်းတို့၏ အမှုများကို မကြာမီ အတောအတွင်း တရားရုံး စစ်ဆေးစီရင်မှုများ လုပ်ဆောင်ရန် ရှိနေကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၂၅ ရက် ညပိုင်းတွင် မစ္စ ပိုင်ကို အ၀တ်လျှော်ဖွတ်မှု နှေးကွေးလွန်းသည်ဟု ဆိုပြီး ဂိုင်ယာသီရိနှင့် ပရီမာ တို့က နှိပ်စက်ညှင်းပန်းခဲ့ကြသည်။

ယင်းနောက် ဂိုင်ယာသီရိသည် နောက်တစ်နေ့မနက်ခင်းအထိ အိမ်ဖော်ဖြစ်သူကို ဆက်လက် နှိပ်စက်ခဲ့ပြီး လည်ပင်းညှစ်ခဲ့သည်။ နောက် နာရီအနည်းငယ်အကြာတွင် မစ္စ ပိုင် သေဆုံးကြောင်း ဆရာ၀န်တစ်ဦးက အတည်ပြုပေးခဲ့သည်။

ယင်းဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် စင်္ကာပူအစိုးရသည် နိုင်ငံတွင် အိမ်အကူလုပ်သားများကို ပိုမို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ရေးအတွက် အဓိက နယ်ပယ်ဧရိယာသုံးရပ်ကို ပြန်လည်သုံးသပ်ခဲ့သည်။

လူ့စွမ်းအား ၀န်ကြီးဌာနသည် အိမ်ဖော်များ၏ ကောင်းကျိုးချမ်းသာ သေချာ ရရှိစေရေးအတွက် နေအိမ်များသို့ သွားရောက်ကြည့်ရှုမှု အစီအစဉ်တစ်ရပ်ကို ဧပြီ ၁၅ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly