အင်ဒိုနီးရှားမှာ ကိုဗစ်ကူးစက်မှုနှုန်း တစ်ဟုန်ထိုး မြင့်တက်နေ

အင်ဒိုနီးရှားမှာ ကိုဗစ်ကူးစက်မှုနှုန်း တစ်ဟုန်ထိုး မြင့်တက်နေ
Photo - AFP

ဇွန် ၂၂

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း တစ်ဟုန်ထိုး မြင့်တက်နေပြီး ဆေးရုံတွေမှာလည်း လူနာသစ်တွေနဲ့ ပြည့်နေကာ ယခုအချိန်မှာ ယင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ အကျပ်အတည်းဟာ ပိုမိုနက်ရှိုင်းလာနေခဲ့ပါတယ်။

အဆိုပါ အရှေ့တောင်အာရှနိုင်ငံမှာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း နှစ်သန်းကျော်အထိ ရှိလာခဲ့သလို လက်ရှိအခြေအနေတွေကြောင့် နိုင်ငံရဲ့ ကျန်းမာရေးအကျပ်အတည်းဟာ ထိန်းချုပ်မရနိုင်လောက်တဲ့အခြေအနေထိ ရောက်သွားနိုင်တဲ့အပေါ် သတိပေးမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းတွေဟာ နှစ်ဆကျော် မြင့်တက်ခဲ့ပြီးနောက် ခုလိုမျိုး မလိုလားအပ်တဲ့ မှတ်တိုင်တစ်ခုကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံမှာ ကူးစက်မှုနှုန်း မြင့်မားတဲ့ ကိုဗစ်-၁၉ ရောဂါပိုး မျိုးကွဲတွေ တွေ့ရှိထားတဲ့အကြောင်းကိုလည်း အာဏာပိုင်တွေက ထုတ်ဖော်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် စံချိန်တင် ၁၄,၅၃၆ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့  ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ တရား၀င်ကိန်းဂဏန်းတွေအရ သိရပါတယ်။

ယင်းအတွက်ကြောင့် လူဦးရေ သန်း ၂၇၀ နီးပါး ရှိတဲ့ နိုင်ငံမှာ ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းဟာ နှစ်သန်းကျော်အထိ ရှိလာခဲ့ပြီဖြစ်သလို ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာလည်း ၅၅,၀၀၀ နီးပါးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း နိုင်ငံမှာ ‌ဗိုင်းရပ်စ် စစ်ဆေးမှု၊ ကူးစက်ခံလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေကို ရှာဖွေဖော်ထုတ်မှုတွေ နည်းပါးနေခဲ့တာနဲ့အတူ အဆိုပါ ကိန်းဂဏန်းတွေဟာ များများစားစား လျှော့ပြီးရေတွက်ထားတာ ဖြစ်လိမ့်မယ်လို့ ယူဆမှုတွေလည်း ရှိနေခဲ့ပါတယ်။ တရား၀င်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ အမှန်တကယ် ကိန်းဂဏန်းတွေရဲ့ ၁၀ ရာခိုင်နှုန်းသာသာမျှသာ ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ ကျွမ်းကျင်သူတစ်ချို့က ပြောထားကြပါတယ်။

“ဒါဟာ ချိန်ကိုက်ဗုံးတစ်ခုလိုပါပဲ၊ ဒါဟာ စပြီးတော့ ဗလုံစီ တက်နေပါပြီ၊ ဒါဟာ အစပိုင်းပဲ ရှိပါသေးတယ်၊ ဒီအခြေအနေတွေအပေါ်မှာ ဘယ်လို ကိုင်တွယ်စီမံသွားမလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်၊ မဟုတ်ရင်တော့ ကျွန်တော်တို့ဟာ အိန္ဒိယမှာလိုမျိုး ကြီးမားတဲ့ ကူးစက်ဖြစ်ပွားမှုဆိုင်ရာ ပေါက်ကွဲမှုမျိုးနဲ့ ကြုံရနိုင်ပါတယ်” လို့ အင်ဒိုနီးရှားရဲ့ အဲလန်ဂါ တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒပညာရှင် ၀င်ဒ်ဟူ ပူအာနိုမိုက ပြောသွားပါတယ်။

အိန္ဒိယမှာ ပထမဆုံး ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကူးစက်မှုနှုန်း မြင့်မားတဲ့ ဒယ်လ်တာ မျိုးကွဲအပါအ၀င် ဗိုင်းရပ်စ်မျိုးကွဲသစ်တွေနဲ့ အင်ဒိုနီးရှားမှာ ရင်ဆိုင်လုံးပန်းနေရချိန်မှာပဲ ခုလိုမျိုး ကူးစက်မှုအ‌ရေအတွက်တွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံမှာ တစ်နှစ်တာအတွင်း တစ်နေရာမှ  တစ်နေရာ သွားလာမှုအပေါ် တရား၀င်ပိတ်ပင်ချက်တစ်ခု ရှိတဲ့ကြားကပဲ မွတ်ဆလင်အများစုရှိရာ နိုင်ငံမှာ ရာမဒန် ဥပုသ်ကာလအပြီး နိုင်ငံတ၀န်း လူပေါင်းသန်းချီ ခရီးသွားလာခဲ့မှုဟာလည်း ခုလို ကူးစက်မှုနှုန်းတွေ မြင့်တက်မှုနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။

ဂျကာတာနဲ့ အခြားသော အဆိုး၀ါးဆုံး ထိခိုက်နေတဲ့ ဧရိယာတွေမှာ ဆေးရုံတက်ရောက်ကုသမှုနှုန်းတွေဟာ ၇၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ထားခဲ့သလို ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေအတွက် နာရေးအခမ်းအနားပြုလုပ်ရမှုတွေဟာလည်း သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။

“လက်ရှိအခြေအနေတွေက အင်မတန် စိုးရိမ်စရာကောင်းနေပါတယ်” လို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်ခဲ့တဲ့ ဆွေမျိုးတစ်ဦးရဲ့ နာရေးအခမ်းအနားကို တက်လာတဲ့ ဂျကာတာဒေသခံတစ်ဦးဖြစ်တဲ့ ရာမနီက အေအက်ဖ်ပီကို ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ်တော့ နိုင်ငံသားကောင်းတွေအနေနဲ့ ကျွန်တော်တို့ဟာ အစိုးရညွှန်ကြားထားတဲ့ လိုက်နာရမယ့် ကျန်းမာရေး စည်းမျဥ်းတွေအတိုင်း လိုက်နာနေထိုင်သွားရပါမယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required