ဂါနာနောက်ခံလူ ဘားနက်အချောကို ရခိုင်အသင်း စာချုပ်သက်တမ်းတိုး

ဂါနာနောက်ခံလူ ဘားနက်အချောကို ရခိုင်အသင်း စာချုပ်သက်တမ်းတိုး
ရခိုင်အသင်းစာချုပ်သက်တမ်းတိုးခဲ့သော ဂါနာနောက်ခံလူ ဘားနက်အချော။ (ဓာတ်ပုံ - ရခိုင်ယူနိုက်တက်)

ဒီဇင်ဘာ ၆၊ ရန်ကုန်။           ။ ၂၀၁၅ဘောလုံးရာသီတွင် တန်းမဆင်းရရန် ရုန်းကန်ခဲ့ရသော ရခိုင်ယူနိုက်တက်အသင်းသည် လာမည့်နှစ်ဘောလုံးရာသီ အကြိုပြင်ဆင်မှုအဖြစ် ဂါနာနောက်ခံလူ ဘားနက်အချောကို စာချုပ်သက်တမ်း တိုးခဲ့သည်။

ဘားနက်ကို ၂၀၁၆ ဘောလုံးရာသီ ပထမအကျော့အပြီး အထိသာ စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းအပေါ်မူတည်ကာ သက်တမ်းတိုးရန်ရခိုင်အသင်းက စီစဉ်ထားသည်။

ဂါနာနောက်ခံလူ ဘားနက်အချောမှာ ပြီးခဲ့သည့်ဘောလုံးရာသီက ရခိုင်အသင်းအတွက် ၁၉ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး နည်းပြအဖွဲ့မှအသင်းခြေစွမ်းကို နှစ်သက်သဖြင့် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

အခြားနိုင်ငံခြားသားကစား သမားနှစ်ဦးဖြစ်သော ဘရာဇီးကွင်းလယ်ကစား မာစီယိုနှင့် ဂျပန်ဂိုးသမား ကိုချီ တို့ကိုမူ စာချုပ်သက်တမ်းမတိုးပဲ လမ်းခွဲခဲ့သည်။

ရခိုင်အသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် နည်းပြချုပ်အပြောင်းအလဲပြုလုပ်ထားပြီး ယခင်နည်းပြ ဦးဝင်းတင်နှင့် လမ်းခွဲကာ လက်ထောက်နည်းပြ ဦးအောင်ဇော်မျိုးကို နည်းပြချုပ်ခန့်ထားကာ   ပြည်တွင်းကစား သမား သုံးဦးဖြစ်သော ပြည်မိုး၊ ပြည့်ဖြိုးကိုကို၊ ဝေဖြိုးလွင်တို့ကိုလည်း ဇေယျာရွှေမြေအသင်းသို့ ပြောင်းခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly