ပါရီအကြမ်းဖက်မှုများ အပြီးတွင် ပြင်သစ်နိုင်ငံတွက် စစ်မှုထမ်းလိုသူ လူငယ်အရေအတွက် သုံးဆမျှ မြင့်တက်လာ

ပါရီအကြမ်းဖက်မှုများ အပြီးတွင် ပြင်သစ်နိုင်ငံတွက် စစ်မှုထမ်းလိုသူ လူငယ်အရေအတွက် သုံးဆမျှ မြင့်တက်လာ

ပါရီ၊ ဒီဇင်ဘာ-၆ ။                     ။ တရားဝင် ကိန်းဂဏန်းအချက်အလက်များအရ အကြမ်းဖက်တိုက်ခိုက်ခံရမှု နောက်ဆက်တွဲ ရလဒ်အနေဖြင့် စစ်မှုထမ်းလိုသည့် ပြင်သစ်လူငယ်အရေအတွက်မှာ သုံးဆမျှ မြှင့်တက်လာခဲ့သည်ဟု ဆိုသည်။

ရိုက်တာ၏ သတင်းပို့ချက်အရ တပ်သားစုဆောင်းသူများမှာ လူပေါင်း ၁၃၀သေဆုံးခဲ့ရသည့် နိုဝင်ဘာ ၁၃ရက် ပါရီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမတိုင်မီက တစ်ရက်လျှင် လျှောက်လွှာ၅၀၀ခန့်ကိုသာ လက်ခံရရှိခဲ့ရာမှာ ယခုဆိုလျှင် ပျမ်းမျှ တစ်ရက်လျှင် လျှောက်လွှာပေါင်း ၁၅၀၀အထိ လက်ခံရရှိနေသည်ဟု ဆိုသည်။

စစ်တပ်ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် ကိန်းဂဏန်းများအရ လေတပ်စုဆောင်းရေးရုံးများသို့ လာရောက်သည့် အရေအတွက်မှာလည်း သုံးဆမျှ မြင့်တက်လာခဲ့သည့်အပြင် သတင်းအချက်လက် စုံးစမ်းသည့် အရေအတွက်မှာလည်း အဆ ၂၀မျှ မြင့်မားလာခဲ့သည်ဟု ဆိုသည်။

ပြင်သစ် ရေတပ်သို့ ဝင်ရောက်ရန် လျှောက်ထားသူအရေအတွက်မှာလည်း ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၂၀၁၅ခုနှစ်တွင် နှစ်ဆမျှ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြီးကတည်းက ပြင်သစ်နိုင်ငံမှာ တပ်လှန့်ထားသည့် အနေအထားတွင် ရှိနေဆဲဖြစ်ပြီး သမ္မတ ဖရန်ဆွာ အော်လွန်းက အရေးပေါ်အခြေအနေ ကြေညာကာ လမ်းများပေါ်တွင် တပ်သား ၁၅၀၀ကို ဖြန့်ချထားသည်။

နိုဝင်ဘာရက်စက်ကြမ်းကြုတ်မှုအပြင် ပြင်သစ်နိုင်ငံမှာ လူ၁၇ဦးသေဆုံးခဲ့ရသည့် ရှာလီ ဟက်ဘဒိုပစ်ခတ်မှုနောက်ဆက်တွဲ တိုက်ခိုက်မှုများကိုလည်း ရင်ဆိုင်လာခဲ့ရသည်။

ပြင်သစ် မြေပြင်တပ်ဖွဲ့သို့ လျှောက်ထားသူအရေအတွက်မှာလည်း ၂၀၁၅ခုနှစ်တွင် ၁၇၀၀၀၀အထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာ ၂၀၁၄ခုနှစ် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၄၁ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

နှိုင်းယှဉ်ကြည့်ပါက ၉-၁၁တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် တပ်သားစုဆောင်းမှုတွင် မြင့်တက်လာမှုမှာ အသေးအဖွဲမျှသာ ဖြစ်နေသည်။ နယူးယောက်တိုင်းမ်၏ ဖော်ပြချက်အရ အီရတ်ပြည်တွင်းစစ် အတွင်း အမေရိကန် ပါဝင်ပတ်သက်ခဲ့သည့် ၂၀၀၅ခုနှစ်တွင် အမေရိကန်စစ်တပ်မှာ ၎င်း၏ စုဆောင်းရေးလျာထားချက်ကို မပြည့်မီဘဲ တပ်သား ၇၀၀၀နီးပါးမျှ လိုအပ်နေခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly