ဘီလာရုစ်နိုင်ငံရဲ့ အဓိကဝင်ငွေရင်းမြစ်တွေကို ဒဏ်ခတ်ပိတ်ဆို့သွားဖို့ အီးယူ ပစ်မှတ်ထား 

ဘီလာရုစ်နိုင်ငံရဲ့ အဓိကဝင်ငွေရင်းမြစ်တွေကို ဒဏ်ခတ်ပိတ်ဆို့သွားဖို့ အီးယူ ပစ်မှတ်ထား 
Photo - AFP

ဇွန် ၂၁

သဘောထားကွဲလွဲသူကို ဖမ်းဆီးဖို့ ခရီးသည်တင်လေယာဉ်ကို အတင်းအကျပ် လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့တဲ့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒြားလူကာရှန်ကိုကို ဖိအားပေးလျက် ရှိနေတဲ့ အီးယူအဖွဲ့အနေနဲ့ ဘီလာရုစ်နိုင်ငံရဲ့ အဓိကဘဏ္ဍာရင်းမြစ်တွေကို ဒဏ်ခတ်ပိတ်ဆို့သွားဖို့ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေဟာ တနင်္လာနေ့မှာ သုံးသပ်ဆွေးနွေးကြပါတယ်။ 

လူဇင်ဘတ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေက ဘီလာရုစ်နိုင်ငံ အစိုးရရဲ့ အဓိကဘဏ္ဍာဝင်ငွေရင်းမြစ်တွေဖြစ်တဲ့ ဓာတ်မြေဩဇာ တင်ပို့မှု၊ ဆေးရွက်ကြီးလုပ်ငန်း၊ ရေနံနဲ့ ရေနံဓာတုထုတ်ကုန်တွေနဲ့ ဘဏ္ဍာရေးကဏ္ဍတွေကို ပစ်မှတ်ထားမယ့် ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

“လူကာရှန်ကိုနဲ့ သူ့အစိုးရကို ဒဏ်ခတ်ပိတ်ဆို့မယ့် လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ အစဉ်မပြတ် ရှိနေပါတယ်၊ ကျွန်တော်တို့အနေနဲ့ တစ်ဦးချင်းအလိုက် ဒဏ်ခတ်ပိတ်ဆို့တာတင်မကဘူး နယ်ပယ်ကဏ္ဍအလိုက်ပါ ဒဏ်ခတ်ပိတ်ဆို့သွားတော့မှာ ဖြစ်ပါတယ်”လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမာ့စ်က ပြောပါတယ်။ 

“ဒီ အစိုးရရဲ့ ဘဏ္ဍငွေ ခန်းခြောက်သွားစေမယ့် ဒီလမ်းကြောင်းကို ကျွန်တော်တို့ ဖော်ဆောင်လိုတယ်”လို့ သူက ဆိုပါတယ်။ 

ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒြားရှဲလ်လန်းဘတ်ကလည်း ဘီလာရုစ်ဆီ ထောက်လှမ်းရေးပစ္စည်းတွေ ရောင်းချတာကို တားမြစ်တာနဲ့ လက်နက်ကုန်သွယ်မှု တင်းကြပ်တာတွေပါ ပါဝင်မယ့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာတွေကို ဝန်ကြီးတွေက တစ်ညီတစ်ညွတ်တည်း ထောက်ခံကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ 

ဒါပေမဲ့ အခု သီတင်းပတ်နှောင်းမှာ ကျင်းပမယ့် ဘရပ်ဆဲလ်က ထိပ်သီးအစည်းအဝေးအတွက် အီးယူခေါင်းဆောင်တွေ တွေ့ဆုံပြီးတဲ့အချိန်အထိ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မှာ ဖြစ်တယ်လို့ အီးယူ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က သတိပေးပါတယ်။ 

“ဘီလာရုစ်ကို စီးပွားရေး အကြီးအကျယ် အထိနာတာမျိုးတော့ ကျွန်တော်တို့ လုပ်ဆောင်လိမ့်မှာ မဟုတ်ပါဘူး”လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ 

ဘီလာရုစ်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၈၆ ခုကို ပိုင်ဆိုင်မှု ထိန်းချုပ်တာနဲ့ ဗီဇာတားမြစ်တဲ့ နာမည်ပျက်စာရင်းသွင်းတာနဲ့ ပတ်သက်လို့ တရားဝင်လက်မှတ်ရေးထိုးဖို့အတွက် အီးယူနိုင်ငံခြားရေးဝန်ကြီးတွေဟာ တနင်္လာနေ့မှာ တွေ့ဆုံစည်းဝေးခဲ့ကြတာ ဖြစ်ပါတယ်။ 

ဘီလာရုစ်နိုင်ငံက သဘောထားတင်းမာတဲ့ သမ္မတ လူကာရှန်ကိုဟာ မေ ၂၃ ရက်က ဂရိကနေ လစ်သူယေးနီးယားဆီ မောင်းနှင်တဲ့ လေယာဉ်ကို တိုက်လေယာဉ်တစ်စီးနဲ့ လိုက်လံစေပြီး လမ်းကြောင်းပြောင်း ဆင်းသက်စေကာ လေယာဉ်ပေါ် လိုက်ပါလာတဲ့ ဘီလာရုစ်အစိုးရနဲ့ သဘောထားကွဲလွဲသူကို ဖမ်းဆီးခဲ့တာကြောင့် နိုင်ငံတကာက စိတ်ဆိုးဒေါသ ထွက်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required