အမေရိကန်မှာ လိင်တူချစ်သူတွေ စီတန်းလှည့်လည်ပွဲကို ကားဝင်တိုက်လို့ ၁ ဦး သေဆုံး 

အမေရိကန်မှာ လိင်တူချစ်သူတွေ စီတန်းလှည့်လည်ပွဲကို ကားဝင်တိုက်လို့ ၁ ဦး သေဆုံး 
Photo - AFP

ဇွန် ၂၁

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ လိင်တူ၊ လိင်ကွဲချစ်သူ LGBTQ တွေရဲ့ ဂုဏ်ပြုစီတန်းလှည့်လည်ပွဲက လူအုပ်ထဲ ပစ်ကပ်ထရပ်ကားတစ်စီး ဝင်တိုက်တာကြောင့် တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

စီတန်းလှည့်လည်ပွဲမှာ အဲဒီ ထရပ်ကားပါ လိုက်ပါလာပုံရပြီး ခုလို ဝင်တိုက်တာဟာ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာလားနဲ့ မတော်တဆ ဖြစ်သွားခဲ့တာလားဆိုတာ ချက်ချင်း မသိရသေးပါ။ ဖြစ်နိုင်ခြေအားလုံးကို တာဝန်ရှိသူတွေက ဆန်းစစ်စုံစမ်းနေကြောင်း ရဲထောက်လှမ်းရေးမှူး အလီအက်ဒမ်ဆန်က ပြောပါတယ်။ 

ဖို့လောက်ဒါဒဲလ်မြို့က LGBTQ အထိမ်းအမှတ်ပွဲတစ်ခုဖြစ်တဲ့ Wilton Manors Stonewall Pride Parade စီတန်းလှည့်လည်ပွဲ အစမှာပဲ ခုလို ဖြစ်ပျက်ကြုံတွေ့ရတာ ဖြစ်ပါတယ်။ 

စီတန်းလှည့်လည်ပွဲအတွက် အခြားကားတွေနဲ့အတူ အဲဒီ အဖြူရောင် ထရပ်ကားပါ တန်းစီရှိနေခဲ့ရာကနေ ခြေကျင်လျှောက် လှည့်လည်သူတွေကို အရှိန်နဲ့ ဝင်တိုက်ပြီး စိုက်ပျိုးရေးခြံတစ်ခုကို ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ Local 10 News သတင်းက ဖော်ပြပါတယ်။ 

ကားဒရိုင်ဘာကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရပါတယ်။ 

အခု ကားဝင်တိုက်မှုမှာ အရွယ်ရောက် အမျိုးသားနှစ်ဦးကို ဆေးရုံပို့ဆောင်ခဲ့ရပြီး ဆေးရုံမှာ တစ်ဦးကင သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ အက်ဒမ်ဆန်က ဆိုပါတယ်။ ကျန်တဲ့ တစ်ဦးကတော့ ဆေးရုံမှာ ရှိနေဆဲပေမယ့် အသက်ရှင်ဖို့ မျှော်လင့်ရတယ်လို့ သူက ပြောပါတယ်။ 

ကားမောင်းတဲ့သူရော၊ သေဆုံးဒဏ်ရာရသူတွေကပါ ဖို့လောက်ဒါဒဲလ် လိင်တူချစ်သူအမျိုးသားများ သံစုံတီဝိုင်းက အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အဲဒီ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျက်စတင်းနိုက်က ပြောပြီး ဖြစ်ရပ်ဟာ ‘စိတ်မကောင်းစဖွယ် မတော်တဆမှု’ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“စီတန်းလှည့်လည်ပွဲ အစမှာ ဖြစ်ခဲ့တဲ့ ဒီ ကံခေရတဲ့ မတော်တဆမှုမှာ ထိခိုက်သူတွေအတွက် ကျွန်တော်တို့ ထပ်တူခံစားရပါတယ်”လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဂျက်စတင်းနိုက်က ပြောပါတယ်။ 

“ဒဏ်ရာရသူတွေဟာလည်း သံစုံတီးဝိုင်းအဖွဲ့ဝင်ဖြစ်သလို ကားမောင်းသူကလည်း အဖွဲ့ဝင်ပဲ ဖြစ်တယ်၊ ကျွန်တော် အမြင်ကတော့ LGBTQ အသိုင်းအဝန်းကို တိုက်ခိုက်တာမျိုး မဟုတ်ပါဘူး”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly