ယခုရာသီတွင် မန်ယူအသင်း ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းမရှိဟု ဗန်ဟားလ်ပြော

ယခုရာသီတွင် မန်ယူအသင်း ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းမရှိဟု ဗန်ဟားလ်ပြော

မန်ချက်စတာ၊ ဒီဇင်ဘာ ၆ ။              ။ မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဟားလ်က ၎င်း၏အသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်သည့် အခြေအနေတွင် မရှိကြောင်း ပြောဆိုလိုက်သည်။

သို့သော် ဗန်ဟားလ်က မန်ယူအသင်းအနေဖြင့် ကစားသမားအင်အားဖြည့်တင်းပြီးပါက နောက်နှစ်တွင် ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်ဖွယ်ရှိကြောင်းပြောသည်။

'လက်ရှိအခြေအနေနဲ့ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အင်အားထပ်ဖြည့်ပြီးသွားလို့ရှိရင်တော့ လာမယ့်ရာသီမှာ စိန်ခေါ်နိုင်လောက်ပါတယ်။

ကျွန်တော်တို့ ခြေစွမ်းကောင်းရတဲ့နေ့ဆို ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ပုံမှန်အတိုင်းဆိုရင်တော့ ချန်ပီယံလိဂ်ဖလားကို ရဖို့ လုံလောက်တဲ့ အင်အားမရှိပါဘူး။ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အခြေအနေမျိုး ရောက်လာအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ' ဟု ဗန်ဟားလ်က ပြောသည်။

လက်ရှိအချိန်တွင် မန်ယူအသင်းသည် ချန်ပီယံလိဂ်၌ ဝုဖ်ဘတ်၏နောက် ရမှတ် ရှစ်မှတ်ဖြင့် ရပ်တည်နေသည်။ ဝုဖ်ဘတ်က ကိုးမှတ်၊ မန်ယူက ရှစ်မှတ်၊ ပီအက်စ်ဗွီက ခုနှစ်မှတ်ဖြင့် အစဉ်လိုက် ရပ်တည်နေပြီး မန်ယူအသင်းအနေဖြင့် နောက်ဆုံးအုပ်စုပွဲစဉ်ကို ဝုဖ်ဘတ်ကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ကာ အုပ်စုတက်ရန် ရုန်းကန်ရဦးမည်ဖြစ်သည်။

သို့သော် ဗန်ဟားလ်က ဝက်စ်ဟမ်းနှင့် ဂိုးမရှိသရေကျပြီးနောက်တွင် မန်ယူအသင်း ဝုဖ်ဘတ်ကို အနိုင်ရနိုင်ကြောင်း ပြောသည်။ 'လာမယ့်အင်္ဂါညမှာ ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ပွဲတိုင်းမှာ အခွင့်အရေးတွေဖန်တီးနိုင်ပါတယ်။ ချန်ပီယံလိဂ်မှာက ပရီးမီးယားလိဂ်မှာထက် ပိုပြီး အခွင့်အရေးတွေဖန်တီးနိုင်ပါတယ်' ဟု ဗန်ဟားလ်က ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly