တရုတ်ပံ့ပိုးသည့် ဘင်္ဂလားဒေ့ရှ်ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတွင် အားနည်းချက်များရှိဟု သုတေသနအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်

By Just Earth News
20 June 2021
တရုတ်ပံ့ပိုးသည့် ဘင်္ဂလားဒေ့ရှ်ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတွင် အားနည်းချက်များရှိဟု သုတေသနအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်

တရုတ်က ပံ့ပိုးထားသော ဘင်္ဂလားဒေ့ရှ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများကို သေချာစွာ လုပ်ဆောင်ရန် ပျက်ကွက်နေသည်ဟု ဖင်လန်နိုင်ငံ၏ မြို့တော်ဟယ်လ်စင်ကီအခြေစိုက် စွမ်းအင်နှင့် သန့်ရှင်းသောလေ သုတေသနစင်တာ(CREA)က ထုတ်ပြန်ခဲ့သည်။

ဘန်ဆက်ဟာလီအကစ်အလမ်စွမ်းအင်စီမံကိန်းသည် ၁၃၂၀ (၂ × ၆၆၀) မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဖြစ်ပြီး အဆိုပါဓာတ်အားပေးရုံကို တရုတ်ဗဟိုအစိုးရ၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Power China ၏ လက်အောက်ခံ Shandong Electric Power Construction Corporation (SEPCOIII) က ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတွင် တည်ဆောက်နေသည်။

စီမံကိန်း၏ အစိတ်အပိုင်းအများစုကို တရုတ်ဘဏ်များ စုပေါင်း၍ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံချေးငွေဖြင့် ငွေကြေးထောက်ပံ့ထားသည်ဟု အဆိုပါ သုတေသနစင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"CREA က စီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုအကဲဖြတ်ချက် (EIA) ကိုရရှိခဲ့ပြီး လေထုအရည်အသွေးနဲ့ သက်ဆိုင်တဲ့ စာရွက်စာတွေကို အကဲဖြတ်တဲ့အခါ မှားယွင်းတဲ့ ဒါမဟုတ် အစစ်အမှန်မဟုတ်တဲ့ သတင်းအချက်အလက်တွေကို တွေ့ရှိခဲ့သလို တရားမဝင်တဲ့ မြှုပ်ကွက်ဟာကွက်တွေကို ရှာဖွေတွေ့ရှိပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းသည့် အဖွဲ့အစည်းက မှန်ကန်စွာ စစ်ဆေးအကဲဖြတ်ပါက EIA တွင် အမှားများနှင့် မြှုပ်ကွက်များကို တွေ့မိနိုင်သည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ ကြီးကြပ်မှုမရှိခြင်း နှင့် စီမံကိန်းအဆိုပြုသူများ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လမ်းညွှန်ချက်များနှင့် စံနှုန်းများကို လျစ်လျူရှုထားသည်ဆိုသည့်အချက်များကို စိုးရိမ်ဖွယ်ရာ ဖော်ပြနေသည်။

စစ်တကောင်းရှိ အဆိုပြုထားသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လေထုအရည်အသွေးနှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကို CREA ၏အကဲဖြတ်ချက်အရ ကျောက်မီးသွေးစက်ရုံ လည်ပတ်သည့် နှစ်ပေါင်း ၃၀ အတွင်း လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သော သေဆုံးသူဦးရေ ခန့်မှန်းခြေအားဖြင့် ၃၀ဝဝဝ ခန့်ရှိနိုင်သည်ဟု တွေ့ရှိထားသည်။

ထို့အပြင် စက်ရုံများမှ မာကျူရီထုတ်လွှတ်မှုသည် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၇ ဒသမ ၄ သန်းရှိသည့် ဧရိယာတွင် အန္တရာယ်ရှိစေနိုင်သည့် အဆင့်ထိ ရောက်စေနိုင်သည်။

အဆိုပါ သက်ရောက်မှု ပမာဏသည် EIA ပြင်ဆင်မှုတွင် မြှုပ်ချန်ထားမှုများ၏ သက်ရောက်မှုကြီးမားပုံကို ဖော်ပြနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required