ရှင်ကျန်းရှိ ဝီဂါလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်ခံရသည့် အဆိုအား ဘယ်လ်ဂျီယံပါလီမန် အတည်ပြု

By ANI
20 June 2021
ရှင်ကျန်းရှိ ဝီဂါလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်ခံရသည့် အဆိုအား ဘယ်လ်ဂျီယံပါလီမန် အတည်ပြု

ဘယ်လ်ဂျီယံပါလီမန်က 'လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ' နှင့် ရှင်ကျန်းပြည်နယ်ရှိ ဝီဂါမွတ်စလင်များသည် ဆိုးရွားသော လူမျိုးတုံးသုတ်သင်မှု အန္တရာယ်များကျူးလွန်ခံနေရသည်ကို အသိအမှတ်ပြုသည့် ပူးတွဲအဆိုပြုချက်ကို ဇွန်လ ၁၅ရက်က အတည်ပြုခဲ့ခြင်းဖြင့် ဘယ်လ်ဂျီယံပါလီမန်သည် ဝီဂါများအား လူမျိုးတုံးသတ်ဖြတ်မှုကို အသိအမှတ်ပြုသည့် ၆ ခုမြောက် ပါလီမန်ဖြစ်လာသည်။

ယင်းအဆိုပြုချက်တွင် ဘယ်လ်ဂျီယံအစိုးရနှင့် တရုတ်အစိုးရတို့ ချုပ်ဆိုထားသည့် တရားခံလွှဲပြောင်း ပေးခြင်းဆိုင်ရာ သဘောတူစာချုပ်အား ရပ်ဆိုင်းရန်နှင့် ယခုအခါ ရပ်တန့်နေသော ဥရောပသမဂ္ဂ-တရုတ်တို့၏ ဘက်စုံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်(CAI) ကိုလည်း ဘယ်လ်ဂျီယံက အတည်ပြုလက်မှတ်ထိုးခြင်း မပြုရန်လည်း တောင်းဆိုထားသည်။

ကန့်ကွက်သူမရှိသလောက်နီးပါးအတည်ပြုချက်ကို ကြိုဆိုလိုက်ပြီး ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ကို အသိအမှတ်ပြုရန် ဘယ်လ်ဂျီယံပါလီမန်၏ ဆုံးဖြတ်ချက်သည် နောက်ထပ်အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ဝီဂါကွန်ဂရက်(WUC) က ကြေညာချက်တွင် ဖော်ပြထားသည်။

WUC ဥက္ကဌဒေါ်လ်ခွန် အီဆာ က “ဥရောပသမဂ္ဂမှာရှိတဲ့ အခြားနိုင်ငံတွေသာမက ဥရောပသမဂ္ဂအဖွဲ့အစည်းများကိုယ်တိုင်ကလည်း ယခုလို ပါဝင်ဆောင်ရွက်လာပြီး တရုတ်နိုင်ငံရဲ့ ရက်စက်ယုတ်မာမှုတွေကို ဆန့်ကျင်ဖို့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အသိမှတ်ပြုလိုက်တာက အလွန်အရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံပါလီမန်၏ ပြင်ပရေးရာကော်မရှင်တွင် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ ကြားနာမှု အပြီးတွင် ဘယ်လ်ဂျီယံပါလီမန်က ယင်းအဆိုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိန်းသိမ်းရေးစခန်းများတွင် ဆရာလုပ်ခဲ့သည့် ကွီဘီနာစီဒစ်ခ်က ဒုက္ခသည်စခန်းများအတွင်းရှိ ဆိုးရွားသောအခြေအနေများကိုဖော်ပြခဲ့ပြီး ယင်းတွင် စနစ်တကျ အဓမ္မမှုကျူးလွန်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုနှင့် အခြားဆိုးရွားလှသည့် မတရားဆက်ဆံမှုများကို အလေးထား ပြောကြားခဲ့သည်။

ကမ္ဘာ့ဝီဂါ ကွန်ဂရက်၏ ဥရောပသမဂ္ဂပေါ်လစီညှိနှိုင်းရေးမှူး ကိုနင်စတုပ်က သူ၏ ကြေညာချက်တွင် ရရှိထားသည့် အထောက်အထားများအရ ဝီဂါလူမျိုးများအား တုံးသတ်ဖြတ်မှုအား အသိအမှတ်ပြုရန် ဘယ်ဂျီယံပါလီမန်အား အခိုင်အမာတောင်းဆိုခဲ့သည်။

လွန်ခဲ့သော ၄ လအတွင်း ကနေဒါ၊ ဟော်လန်၊ ဗြိတိန်၊ လစ်သူယေးနီးယားနှင့် ချက်ခ်ပါလီမန်များသည် ဝီဂါအကျပ်အတည်းကို လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အသိအမှတ်ပြုသည့်အဆိုကို ချမှတ်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required