စနစ်တကျ ပြဿနာလုပ်နေကြောင်း မှတ်ချက်အပေါ် တရုတ်က နေတိုးခေါင်းဆောင်များကို တုံ့ပြန်

By Justearth News
20 June 2021
စနစ်တကျ ပြဿနာလုပ်နေကြောင်း မှတ်ချက်အပေါ် တရုတ်က နေတိုးခေါင်းဆောင်များကို တုံ့ပြန်

စနစ်တကျ ပြဿနာရှာနေကြောင်း နေတိုးခေါင်းဆောင်များ၏ မှတ်ချက်ပေးခြင်းကို တရုတ်အစိုးရက ပြန်လည်တုံ့ပြန်ခဲ့ပြီး တရုတ်၏ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာအဖွဲ့အစည်းက အသရေဖျက်နေကြောင်း ပြောဆိုစွပ်စွဲခဲ့သည်။

"နေတိုးထိပ်သီးအစည်းအဝေးရဲ့ကြေညာချက်ထဲမှာ တရုတ်ကို ကိုးကားဖော်ပြထားတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ တရုတ်နိုင်ငံရဲ့ " စနစ်တကျ ပြဿနာရှာမှုများ"လို့ ခေါ်ဆိုခြင်းအားဖြင့် နေတိုးက တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို အသရေဖျက်ပြောဆိုနေသလို နိုင်ငံတကာအခြေအနေနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို မှားယွင်းစွာ အကဲဖြတ်နေပါတယ်။ ဒါက စစ်အေးတိုက်ပွဲစိတ်ဓာတ်နဲ့ နိုင်ငံရေးအုပ်စုရဲ့ တည်ရှိမှုကို ဆက်လက် ကိုယ်စားပြုထားပါတယ်” ဟု ဥရောပသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“တရုတ်ရဲ့ကာကွယ်ရေးဆိုင်ရာမူဝါဒက သဘာဝအားဖြင့် ခံစစ်အနေအထားပါ။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနဲ့ စစ်ရေးခေတ်မီအောင် ဆောင်ရွက်မှုတွေက ကျိုးကြောင်းဆီလျော်ပြီး ပွင့်လင်းမြင်သာမှုရှိပါတယ်။ တရုတ်ရဲ့ကာကွယ်ရေးဘတ်ဂျက်က ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၂၀၉ ဘီလီယံရှိပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

"တရုတ်က ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို ကတိကဝတ်ပြုထားပါတယ်။ ဒါပေမယ့် ယူဂိုဆလားဗီးယားမှာရှိတဲ့ တရုတ်သံရုံးဗုံးဖောက်ခွဲမှုရဲ့ ဝမ်းနည်းစရာသမိုင်းကြောင်းကို ကျွန်တော်တို့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ တစ်စိတ်တစ်ဝမ်းထဲရှိတဲ့ မိသားစုတွေရဲ့ ပျက်စီးခြင်းဆိုင်ရာ ဝမ်းနည်းစရာ လူ့အဖြစ်ဆိုးတွေကိုလဲ ဘယ်တော့မှမေ့မှာမဟုတ်ဘူး”

“ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားတွေကို ခုခံကာကွယ်ဖို့ အတွက် အခိုင်အမာရပ်တည်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘရပ်ဆဲလ်တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နေတိုးခေါင်းဆောင်များက တရုတ်နိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုများသည် စနစ်တကျ စိန်ခေါ်မှုဖြစ်သည်ဟု ဆိုခဲ့သည်။

“တရုတ်နိုင်ငံ၏ ရည်မှန်းချက်များနှင့် ရန်လိုသည့် အပြုအမှုများသည် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို အခြေခံသည့် နိုင်ငံတကာ ဖြစ်စဉ်များနှင့် မဟာမိတ်များ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ စိန်ခေါ်နေကြောင်း ဆိုခဲ့သည်။ ဝါရှင်တန်စာချုပ်ပါ အခြေခံတန်ဖိုးများနှင့် မတူဘဲ နိုင်ထက်စီးနင်းပြုသော မူဝါဒများအတွက် စိုးရိမ်ကြောင်း” နေတိုးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်၏ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် သတင်းအချက်အလက်မှားများ အသုံးပြုခြင်းကိုလည်း နေတိုးအဖွဲ့က စိုးရိမ်လျှက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly