ရှင်ကျန်းတွင် တည်ဆောက်မည့် Hilton ဟိုတယ်စီမံကိန်းကို ရပ်တန့်ရန် အမေရိကန်-အစ္စလာမ်အဖွဲ့ တောင်းဆို

ရှင်ကျန်းတွင် တည်ဆောက်မည့် Hilton ဟိုတယ်စီမံကိန်းကို ရပ်တန့်ရန် အမေရိကန်-အစ္စလာမ်အဖွဲ့ တောင်းဆို
Photo: EPA

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသတွင် မြေထိုးစက်ဖြင့် ဖြိုချခဲ့သော အထွတ်အမြတ်ထားသည့် ဗလီတစ်လုံး နေရာတွင် တရုတ်အာဏာပိုင်များက တည်ဆောက်မည့် ဟိုတယ်စီမံကိန်းကို ဖျက်သိမ်းရန် အမေရိကန်-အစ္စလာမ်မစ် ဆက်ဆံရေး ကောင်စီ (CAIR) က Hilton Worldwide Holdings အား တိုက်တွန်းလိုက်သည်။

“ကော်ပိုရေးရှင်းကြီးတစ်ခုက လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေတဲ့နေရာမှာ စီးပွားရေးလုပ်မယ်ဆိုတဲ့ ယူဆချက်က မယုံနိုင်စရာပါပဲ” ဟု CAIR ၏ အမျိုးသားလက်ထောက်ညွှန်ကြားရေးမှုး အက်ဒွပ်အာမက်မစ်ချယ်လ်က အယ်လ်ဂျာဇီးရားသို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက မွတ်စလင်ဝီဂါများအား တရုတ်က လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်နေသည်ဟု စွပ်စွဲထားသည်။

မကြာသေးမီက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာတွင် ရှင်ကျန်းပြည်နယ်ရှိ အခြေအနေကို “သွေးပျက်ဖွယ် ငရဲခန်း” ဟုခေါ်ပြီး လူနည်းစုအုပ်စုများသည် ၎င်းတို့၏ ဘာသာရေးထုံးတမ်းစဉ်လာများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုကို စွန့်လွှတ်ရန်အတွက် အတင်းအကျပ်စေခိုင်းခံခဲ့ရသည်များကို အသေးစိတ် ဖော်ပြခဲ့သည်။

"ဟီလ်တန်က ဟိုတယ်တစ်လုံး တည်ဆောက်ပြီး လူမျိုးတုံး သတ်ဖြတ်တာကို ပံ့ပိုးပေးနိုင်သလို ဟိုတယ်စီမံကိန်းကို ဖျက်သိမ်းပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်စေနိုင်ပါတယ်” ဟု မစ်ချယ်က ပြောသည်။

ဗြိတိန်သတင်းစာ The Telegraph က ဇွန်လ ၁၅ရက်က တစ်ခါက ဗလီတစ်ခုတည်ရှိခဲ့ရာနေရာတွင် တရုတ်က ဟီလ်တန်ဟိုတယ်ပါဝင်သည့် စီးပွားဖြစ်စင်တာအသစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေသည်ဟု သတင်းဖော်ပြခဲ့သည်။

“ စစ်ပွဲအတွင်း၌ ရန်သူများကဲ့သို့ ဖြစ်ခဲ့ခြင်း” သို့မဟုတ် “ရှင်ကျန်းပြည်နယ်ရှိ မွတ်စလင်များအား တရုတ်က အစုလိုက်အပြုံလိုက်ထိန်းသိမ်းထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖိနှိပ်ခြင်း” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝီဂါများအပေါ် ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required