ပီရူးမှာ မိုင်းတွင်းလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တိမ်းမှောက်လို့ ၂၇ ဦး သေဆုံး

ပီရူးမှာ မိုင်းတွင်းလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တိမ်းမှောက်လို့ ၂၇ ဦး သေဆုံး
Photo - AFP

ဇွန် ၂၀

ပီရူးနိုင်ငံတောင်ပိုင်းမှာ ဇွန်လ ၁၈ ရက်က သတ္ထုတွင်းလုပ်သားအယောက် ၄၀ လောက် လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ပြီး ချောက်တစ်ခုထဲ ထိုးကျသွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘတ်စ်ကားဟာ နာမည်ကျော် နက်ဇ်ကာမျဥ်းတွေအနီး နိုင်ငံတောင်ပိုင်းက အင်န်ဒီးစ် တောင်တန်း ခရီးလမ်းကြောင်းတစ်ခုမှာ ရှိတဲ့ ချောက်နက်တစ်ခုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

မြို့တော် လီမာရဲ့ အရှေ့တောင်ဘက် ၄၅၀ ကီလိုမီတာ ခန့်အကွာ အယာကူချို ဒေသက တောင်တန်းဒေသတွေဖြစ်တဲ့ နက်စ်ကာနဲ့ ပူကွီအို အကြား အဝေးပြေးလမ်းမပေါ်မှာ မနက် အရုဏ်တက်ချိန်လောက်မှာ အဆိုပါ မတော်တဆမှု ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဥ်ဟာ ပီရူးနိုင်ငံရဲ့ အင်န်ဒီးစ် တောင်တန်းလမ်းကြောင်းမှာ ယခုနောက်ဆုံး ၁၀ ရက်အတွင်း  ဒုတိယမြောက် ပေါ်ပေါက်ခဲ့တဲ့ လူအသေအပျောက် များတဲ့ မတော်တဆမှုလည်း ဖြစ်ပါတယ်။

“ပယ်လန်ကက်တာ သတ္ထုတွင်းကနေ အေရီကွီပါမြို့ဆီ ပို့ဆောင်ပေးခဲ့တဲ့ ဘတ်စ်ကား ချောက်ထဲကျခဲ့ရာကနေ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ၂၇ ဦး သေဆုံးခဲ့တဲ့အတွက် အင်မတန် ၀မ်းနည်းရပါတယ်” လို့ သတ္ထုတူးဖော်ရေး ကုမ္ပဏီ Minera Ares က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဘတ်စ်ကားဟာ အလုပ်သမား ၄၃ ဦးကို တင်‌ဆောင်ပြီး အေရီကွီပါမြို့ဆီ မောင်းနှင်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၅၀၀ ခန့် ရှိတဲ့ ယင်းခရီးလမ်းဟာဆိုရင် အင်န်ဒီးစ် တောင်တန်းဒေသ မတ်စောက်တဲ့လမ်းတွေကနေ ဖြတ်သန်းမောင်းနှင်ရတဲ့အတွက် ခရီးကြာချိန် ၁၀ နာရီကျော် ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ယင်းဖြစ်စဥ်မှာ သတ္ထုတွင်းလုပ်သားတွေဟာ သီတင်းပတ်တစ်ချို့ အလုပ်လုပ်ပြီးနောက် ရက်အနည်းငယ် အနားယူဖို့ အိမ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘတ်စ်ကားဟာ ၄၅၀ မီတာ အနက် ရှိ ချောက်တစ်ခုထဲ ကျသွားခဲ့တဲ့အတွက် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တောင်တစ်ခုရဲ့ တောင်စောင်းတွေပေါ်မှာ ပြန့်ကျဲလျက်သားတွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေနဲ့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly