အိန္ဒိယ ကျေးရွာတွင် မွတ်စလင် မိသားစု ၄ ခုအတွက် ဗလီဆောက်လုပ်ပေး

By Khaleej Times
18 June 2021
အိန္ဒိယ ကျေးရွာတွင် မွတ်စလင် မိသားစု ၄ ခုအတွက် ဗလီဆောက်လုပ်ပေး

အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၏ မိုဂါခရိုင်မှ ဘိုးလာရွာတွင် ဗလီတစ်လုံး တည်ဆောက်ရန် ဇွန်လ ၁၃ ရက်က အဆောက်အဦ အုတ်မြစ်ချအခမ်းအနားသို့ ရာနှင့်ချီသည့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

“မိုးအရမ်းသည်းနေလို့ အစီအစဉ်ကို ရွှေ့ဆိုင်းရမလိုဖြစ်တာကြောင့် အားလုံး စိတ်မကောင်းဖြစ်ကြပေမယ့် အခမ်းအနားကျင်းပမယ်နေ့ရာကို ရွှေ့ပြောင်းလိုက်ကြတယ်” ဟု ကျေးရွားအကြီးအကဲ ပါလာဆင်းဂ်က ဂျာနယ်လစ်များကို ပြောကြားသည်။

“ကျုပ်တို့ရွာက ဘယ်သူကို မဆို တံခါးဖွင့်ထားပါတယ်။ အခု အခမ်းအနားကို အားလုံးလာကြပါတယ်။ အခြားဘာသာအားလုံးကလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဗလီတည်ဆောက်သည့် စီမံကိန်း အောင်မြင်စေရန်လည်း တက်ရောက်လာသူများ ဆုတောင်းပေးခဲ့ကြသည်။ ပြင်ပတွင် မိုးများရွာသွန်းနေသော်လည်း အကျွေးအမွေးများ ဖြင့် ဧည့်ခံခဲ့သည်။

ကျေးရွာတွင် ဆစ်ခ်ဘုရားကျောင်း ၇ ကျောင်းနှင့် ဟိန္ဒူဘုရားကျောင်း ၂ ကျောင်းရှိသော်လည်း ယခင်က ဗလီမရှိသေးပေ။ “၁၉၄၇ ခုနှစ်တုန်းက အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ မကွဲမီတုန်းကတော့ ဗလီတစ်ခုရှိတယ်။ ဒါပေမယ့် အချိန်ကြာလာတော့ ပျက်စီးသွားတယ်။ ရွာကို ပြန်လာနေတဲ့ မွတ်စလင်မိသားစု ၄ စုရှိလို့ ခုဆိုရင် ဟိန္ဒူ၊ မွတ်စလင်နဲ့ ဆစ်ခ်ဘာသာဝင်တွေဟာ အခုဆိုရင် ညီညွတ်စွာ နေထိုင်ကြပါတယ်။ ဒါ့အပြင် မွတ်စလင်မိသားစုတွေမှာလည်း ဝတ်ပြုဖို့နေရာ ရှိစေချင်တာကြောင့် နဂိုရှိခဲ့တဲ့ နေရာမှာပဲ ဗလီတစ်လုံး တည်ဆောက်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ကျေးရွာအကြီးအကဲက ပြောကြားသည်။

ဗလီတည်ဆောက်ရေးအတွက် ရွာသားအများအပြားက ရူပီး ၁၀၀ မှ ရူပီး ၁ သိန်းအထိ ထည့်ဝင်လှူဒါန်းခဲ့ကြ သည်။ ယင်းကဲ့သို့ လှူဒါန်းမှုများအတွက် မွတ်စလင်ဘာသာဝင်များနှင့် တရားဟောဆရာများကလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly