အရှေ့တရုတ်ပင်လယ်အခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းမှုများကို ဂျပန်နှင့် ကနေဒါ စိုးရိမ်

By ANI
18 June 2021
အရှေ့တရုတ်ပင်လယ်အခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းမှုများကို ဂျပန်နှင့် ကနေဒါ စိုးရိမ်

အရှေ့တရုတ်ပင်လယ်၏ လက်ရှိအနေအထားကို အင်အားသုံး ပြောင်းလဲရန် ကြိုးပမ်းမှုများကို အလွန်အမင်းစိုးရိမ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒါ စုဂါနှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒီယူတို့က ဇွန်လ ၁၃ရက်က ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် တရုတ်က ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများကို တိုးမြှင့်နေစဉ် ဝန်ကြီးချုပ် ၂ ဦးက အင်္ဂလန်၊ ကွန်ဝဲလ်ခရိုင်ရှိ ဂျီ-၇ ထိပ်သီးအစည်းအဝေး၌ သီးခြားတွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ယခု သီးခြားတွေ့ဆုံမှုသည် ယိုရှီဟီဒါ စုဂါအနေဖြင့် ဂျပန်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် တရုတ်က သယောက်ယွီဟုခေါ်ဆို၍ ဂျပန်က ရှင်ကာကုကျွန်းများဟု ခေါ်သည့် ကျွန်းများတွင် ဂျပန်၏ ထိန်းချုပ်မှု အားနည်းစေရန် ကျွန်းတစ်ဝိုက်ရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်၏ မကြာခဏ ကျူးကျော်မှုကို ရည်ရွယ်ပြောကြားခြင်းဖြစ်နိုင်သည်ဟု Kyodo News သတင်းစာတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမြင်တစ်ခုအပါအဝင် ကနေဒါနှင့် ဂျပန်တို့အကြား မဟာဗျူဟာမြောက်မိတ်ဖက်ပြုမှုကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။

ရှင်ကာကုကျွန်းများကိုဂျပန်က ထိန်းချုပ်ထားသော်လည်း တရုတ်နှင့် ထိုင်ဝမ်တို့ကလဲ ဆက်လက်တောင်းဆို နေသည်။

သမိုင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ယင်းပိုင်နက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကျွန်းများကို ဂျပန်က ထိန်းသိမ်းထားသည်။

တရုတ်က အငြင်းပွားနေသည့်နေရာများရှိ တရုတ်၏ ရေပိုင်နက်တောင်းဆိုမှုများကို ခုခံကာကွယ်သည့် အနေဖြင့် ယင်း၏ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့များအား အခြားနိုင်ငံများ၏ အဆောက်အအုံများကို ဖျက်ဆီးရန်နှင့် အင်အားသုံးခြင်းအား ခွင့်ပြုသည့် ဥပဒေတစ်ရပ်ကို ဖေဖော်ဝါရီလတွင် ပြဌာန်းခဲ့သဖြင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်အပါအဝင် နိုင်ငံများစွာက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

တရုတ်က တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးနီးပါး၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားနေပြီး၊ ယင်းတွင် ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ ပိုင်ဆိုင်ကြောင်း ပြောထားသည့် နယ်မြေများလည်း ပါဝင်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required