တရုတ်၏ BRI ကို တန်ပြန်ရန် အမေရိကန်နှင့် မဟာမိတ်များက Blue Dot Network ကို ပြန်လည်ဖော်ထုတ်ရန် ရည်မှန်း

တရုတ်၏ BRI ကို တန်ပြန်ရန် အမေရိကန်နှင့် မဟာမိတ်များက Blue Dot Network ကို ပြန်လည်ဖော်ထုတ်ရန် ရည်မှန်း

တရုတ်၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်း (Belt and Road Initiative-BRI) ကို တန်ပြန်ရန်အတွက် အရည်အသွေးမီ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ Blue Dot Network စီမံကိန်းကို ပြန်လည်ဖော်ထုတ်ရန်အတွက် အမေရိကန်သည် ယင်း၏ မဟာမိတ်များနှင့် လက်တွဲပူးပေါင်းထားခဲ့ကြောင်း သိရသည်။

“ဒီ Blue Dot Network ဟာ စျေးကွက်နဲ့ လှုံ့ဆော်မောင်းနှင်တဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ သင်္ကေတတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ထုတ်ပြန်ပြောဆိုချက်ကို ကိုးကားပြီး Asia Times က ဖော်ပြသည်။

ယင်းမတိုင်မီက ဆွေးနွေးညှိနှိုင်းမှုအဖွဲ့၏ အဖွင့် အစည်းအဝေးကို ယခုအပတ်အစောပိုင်းက ပါရီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဓိက အနောက်အုပ်စု အစိုးရများနှင့် ဂျပန်တို့အပြင် ဦးဆောင် အတတ်ပညာရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များနှင့် စုပေါင်း ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုအစုစုတန်ဖိုး ကန်ဒေါ်လာ ၁၂ ထရီလီယံထိ ရှိမည့် ကမ္ဘာလုံးဆိုင်ရာ အမှုဆောင် ၁၅၀ ဦး တို့လည်း တက်ရောက်ခဲ့ကြောင်း သိရပြီး ယင်းသည် စီမံကိန်း၏ နောက်ကွယ်ရှိ ကျယ်ပြန့်မှုအတိုင်းအတာနှင့် ရည်ရွယ်ချက်တို့ကို မီးမောင်းထိုးပြသနေကြောင်း သတင်းဌာနက ဖော်ပြသည်။

အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းကဏ္ဍတို့မှ ဖြစ်သော Blue Dot Network တွင် ပါ၀င်သူများသည် အရည်အသွေးပြည့်မီသော အခြေခံအဆောက်အအုံ ပရောဂျက်များကို တည်ဆောက်ခြင်းနှင့် ငွေကြေးမတည်ထောက်ပံ့ခြင်းတို့တွင် ယုံကြည်ထားကြသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အီကွေတာ စည်းမျဥ်းများနှင့်ပတ်သက်ပြီး တီထွင်ဆန်းသစ်မှုရှိသော ငွေကြေးထောက်ပံ့မှုဆိုင်ရာ G7 အုပ်စု၏ Charlevoix မြို့ ကတိပြုချက် နှင့် အရည်အသွေးရှိ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ G 20 စည်းမျဥ်းများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တရား၀င်ထောက်ခံထားသည့် Blue Dot Network ပရောဂျက်များသည် အရည်အသွေးရှိ အခြေခံအဆောက်အအုံ စည်းမျဥ်းများ၏ နမူနာစံပြဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တံခါးဖွင့်ထားသော၊ အလုံးစုံ ပါ၀င်သော၊ ပွင့်လင်းမြင်သာသော၊ စီးပွားရေးအရ အလားအလာရှိ ရှင်သန်နိုင်သော၊ ဘဏ္ဍာရေးအရ၊ သဘာ၀ပတ်၀န်းကျင်အရနှင့် လူမှုဆိုင်ရာအရ ရေရှည်တည်တံ့သော၊ နိုင်ငံတကာ စံနှုန်း၊ ဥပဒေ၊ စည်းမျဥ်းများနှင့် ကိုက်ညီသော အရည်အသွေးရှိ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် Blue Dot Network က ရည်ရွယ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly