ကိုဗစ် ရောဂါပိုး၏ မူလဇစ်မြစ်ကို ပြန်လည်စုံစမ်းရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

ကိုဗစ် ရောဂါပိုး၏ မူလဇစ်မြစ်ကို ပြန်လည်စုံစမ်းရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

စက်မှုထိပ်သီး ၇ နိုင်ငံ( ဂျီ-၇) တို့ တက်ရောက်နေသည့် ခေါင်းဆောင်များက ကိုဗစ်-၁၉ ရောဂါ မူလဇစ်မြစ်နှင့် ပတ်သက်၍ ပြန်လည်စုံစမ်းမှု လုပ်ဆောင်ရန် ဇွန် ၁၃ ရက်က တောင်းဆိုချက်တစ်ခုကို ထုတ်ပြန်လိုက်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

ရောဂါ၏ ဇစ်မြစ်ကို ရှာဖွေသည့် ယခင်အစီရင်ခံစာသည် ပြည့်စုံမှုမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၃ ရက်ကြာ ထိပ်သီးအစည်းအဝေး၏ တံခါးပိတ် အရေးကြီးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြရန်လည်း အဆိုပါခေါင်းဆောင်များက သဘောတူညီခဲ့ကြကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

“တရုတ်အရေး၊ ကမ္ဘာပေါ်က အာဏာရှင်အစိုးရတွေနဲ့ ပတ်သက်လို့ အလျင်အမြန်ပြောင်းလဲနေတဲ့ ၂၁ ရာစုမှာ ဒီမိုကရေစီနိုင်ငံတွေက သူတို့နဲ့ ယှဉ်ပြိုင်နိုင်မလားဆိုတာ ဆွေးနွေးကြတယ်”ဟု ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

အင်္ဂလန်အနောက်တောင်ပိုင်း ကွန်းဝေါလ်၌ ယခုသီတင်းပတ်အတွင်း ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ၌ အမေရိကန်နှင့် ဂျီ-၇ ခေါင်းဆောင်များသည် ကမ္ဘာ့တစ်ဝှမ်းလုံး ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ဘေးကင်းထိရောက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဘီလျံကျော် ပေးအပ်သွားရန် ကြေညာခဲ့ကြသည်။

ယခုပေးမည့် ကာကွယ်ဆေးများ ပါဝင်ပါက ဂျီ-၇+ နိုင်ငံများက ၂၀၂၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့နိုင်ငံများသို့ ထောက်ပံ့ငွေနှင့် ကာကွယ်ဆေးလုံးရေ ၂ ဒသမ ၃ သန်း နီးပါးကို ပေးအပ်ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly