မြန်မာပြဿနာနဲ့ရိုဟင်ဂျာထောက်ပံ့ရေး ဗြိတိန်ဝန်ကြီး ကုလနဲ့ဆွေးနွေးမည်

18 June 2021
မြန်မာပြဿနာနဲ့ရိုဟင်ဂျာထောက်ပံ့ရေး ဗြိတိန်ဝန်ကြီး ကုလနဲ့ဆွေးနွေးမည်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို ရောက်ရှိနေတဲ့ ဗြိတိန်ရဲ့ အာရှရေးရာ ဝန်ကြီး Nigel Adams နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေး ကိစ္စတွေ အပါအဝင် လက်ရှိ ပြသနာတွေကို ဆွေးနွေးနေတဲ့အကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ဖြစ်ထွန်းလာစေရေးနဲ့ ငြိမ်းချမ်းစွာ အဖြေရှာ၊ ဆွေးနွေးညှိနှိုင်းမှုကို အားပေး တိုက်တွန်းနိုင်ရေး အတွက် ဗြိတိန်က ဒေသတွင်းမှာရော ကမ္ဘာတလွှားက မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း  ဗြိတိန် ဝန်ကြီး Nigel Adams က သူ့ရဲ့ ဂျနီဗာကို သွားရောက်တဲ့ ခရီးစဉ် မစခင် ကြေညာချက်ထုတ်ပြန်ထားပါတယ်။ မြန်မာ ကိစ္စ အပါအဝင် အင်ဒို ပစိဖိတ် ဒေသတွင်း အရေးတွေမှာ ဗြိတိန်ဘက်က ပိုပြီး ခိုင်ခိုင်မာမာ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမယ်လို့လည်း ဝန်ကြီး Adams က ပြောဆိုထားပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီမှာမှာ ဇွန်လ ၁၆ နဲ့ ၁၇ ရက် - ၂ ရက်ကြာ ခရီးစဉ် အတွင်း ဝန်ကြီး Adams က မြန်မာဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ IIMM အကြီးအကဲ Nick Koumjiam နဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ခေါင်းဆောင်တွေ၊ နောက် အင်ဒို ပစိဖိတ် ဒေသက ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက လက်ထောက် မဟာမင်းကြီး Raouf Mazou နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly