အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၆ ဦး သေဆုံး

By Yahoo News/ ANI
16 June 2021
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၆ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘက်ဂ်လန်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတစ်ခုအနီး ဇွန်လ ၁၀ ရက် မနက်အစောပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အာဖဂန်စစ်သား ခြောက်ဦးထက်မနည်း သေဆုံးပြီး အခြား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှုသည် ဘက်ဂ်လန်ပြည်နယ်၏ အလယ်ပိုင်း ပူလ်အီ ခူမရီမြို့ရှိ ဘက်-အီ-ရှာမဲလ် ဧရိယာတွင် ဒေသစံတော်ချိန် မနက် ၂ နာရီ၀န်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး TOLOnews က ဖော်ပြသည်။

“စစ်အခြေစိုက်စခန်းက စစ်တပ်အတွက် လူသစ်စုဆောင်းတဲ့ စင်တာတစ်ခု ဖြစ်သလို ပေါက်ကွဲမှုကြောင့် အခြေစိုက်စခန်းရဲ့ အစိတ်အပိုင်းနေရာတစ်ချို့ ပျက်စီးသွားခဲ့ပါတယ်” ဟု ယင်းက ဖော်ပြသည်။ တာလီဘန်တို့သည် တိုက်ခိုက်မှု လုပ်ပြီးနောက် ဘက်ဂ်လန်-ဆာမန်ဂန် အဝေးပြေးလမ်းမကြီးတွင် လမ်းဘေးမိုင်းဗုံးများ ထောင်ခဲ့သလို ယာဥ်အသွားအလာအတွက် လမ်းကို ပိတ်ထားခဲ့ကြောင်း သိရသည်။

အမှတ် ၂၁၇ ပါမီအာ စစ်တပ် တပ်မကြီး၏ အမှတ် ၃ တပ်ဖွဲ့၏ တပ်မှူး အာဘတ်စ် တာ၀ါကိုလီက အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်ကို အတည်ပြုခဲ့သည်။ ယင်းဖြစ်စဥ်တွင် တိုက်ခိုက်သူအသေခံဗုံးခွဲသမား ၎င်း၏ ပစ်မှတ်သို့ မရောက်မီ လုံခြုံရေးတပ်ဖွဲ့၀င်များက ၎င်းအား တွေ့ရှိပြီး ရှင်းလင်းရန် လုပ်ဆောင်ခဲ့ချိန် အသေခံဗုံးခွဲသမားက ၎င်းကိုယ်ကိုယ် ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ကြောင်း တာ၀ါကိုလီက ပြောသည်။

“ဒီ တိုက်ခိုက်မှုဖြစ်ပြီးနောက် တာလီဘန်တွေက စပြီး ပစ်ခတ်ခဲ့ပါတယ်၊ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေက ပြန်တိုက်ထုတ်နိုင်ခဲ့ပါတယ်၊ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့၀င်တစ်ချို့ ဒဏ်ရာရသွားသလို အခြေစိုက်စခန်းရဲ့ နံရံတစ်ချို့လည်း ပျက်စီးသွားခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

“လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ဘက်ဂ်လန်-ဆာမန်ဂန် အဝေးပြေးလမ်းမှာ နယ်မြေရှင်းလင်းမှုတွေကို ဖြည်းဖြည်းချင်း ရှေ့တိုးလုပ်ခဲ့ရပါတယ်၊ လမ်းဘေးမှာ ထောင်ထားတဲ့ မိုင်းတွေကြောင့်ပါ” ဟု ၎င်းက ပြောခဲ့သည်။

ထို တိုက်ခိုက်မှုဖြစ်စဥ်မှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း တာလီဘန်တို့က ထုတ်ဖော်ထားခဲ့သည်ဟု TOLOnews ၏ ဖော်ပြချက်အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly