အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် မြေမြှုပ်မိုင်းများ ဖယ်ရှားရန် လုပ်ဆောင်နေသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့ HALO Trust အား တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။
ဘတ်လန်အီးမာခါဇီခရိုင်ရှိ မိုင်းရှင်းလင်းရေးစခန်းတစ်ခုသို့ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်မှု ကြောင့်လူ ၁၀ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုတောင်းဆိုချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။ ဇွန်လ ၈ရက်ညက မျက်နှာဖုံးဝတ်ထားသည့် လက်နက်ကိုင်သေနတ် သမားများ၏ တိုက်ခိုက်မှုကို နိုင်ငံတကာမှ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း TOLOnews မှ ဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ ဒေသခံရပ်ကွက်များမှ အမျိုးသား ၁၁၀ ခန့်သည် စခန်းအနီးအနားရှိ မိုင်းကွင်းများတွင် အလုပ်လုပ်ပြီးနောက် စခန်းသို့ ပြန်ရောက်ရှိနေစဉ် ဇွန်လ ၈ရက်ည ၉း၅၀ တွင် ယင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု HALO Trust က ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကိုအပြင်းအထန်ကန့်ကွက်ခဲ့ပြီး မြေမြှုပ်မိုင်းများ၊ အခြားပေါက်ကွဲစေနိုင်သောကိရိယာများကို ရှင်းလင်းရန်နှင့် အားနည်းချက်ရှိသောလူများ၏ဘဝများကို ပိုမိုကောင်းမွန်စေရန်အတွက် HALO Trust သည် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်သည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတက်ဟာနီ ဒူဂျာရစ်က ပြောကြားခဲ့သည်။
နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သောနောက်ဆုံး သတင်းစာရှင်းလင်းပွဲတွင် သူက“ ကွယ်လွန်သွားသူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ဒဏ်ရာရသူတွေလဲ အမြန်ဆုံး အပြည့်အဝပြန်လည်နလံထဖို့အတွက် ဆန္ဒပြုပါတယ်” ဟု သူက ဆိုသည်။
“ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ အရေးယူသွားမှာပါ။ ကုလသမဂ္ဂက အာဖဂန်နစ္စတန်မှာဆက်လက်ရှိနေပြီး၊ ကတိကဝတ်အတိုင်း လုပ်ဆောင် သွားပါတယ်”
အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂဌာနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှုးဒေါက်တာ ရာမက်ဇ်အလက်ခ်ဘာရော့်ဗ်က စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ထပ်မံတောင်းဆိုလိုက်သည်။
၁၉၈၉ ခုနှစ်မှစ၍ အာဖဂန်နစ္စတန်တွင် လူပေါင်း ၄၀,ဝဝဝ ကျော်သည် မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေနိုင်သောပစ္စည်းများကြောင့် သေဆုံးခဲ့ရကြောင်း ကုလမိုင်းရှင်းလင်းရေးအဖွဲ့(UNMAS) ၏ အချက်အလက်များအရ ကုလသမဂ္ဂသတင်းများက ဖော်ပြခဲ့သည်။ ၂၀၂၀ပြည့်နှစ်က ၁၄ စတုရန်းကီလိုမီတာကျယ်သောမြေများကို ယင်းအဖွဲ့က ကူညီရှင်းလင်းပေးခဲ့သည်။ (ANI)