ကမ္ဘာ့ တတိယအကြီးဆုံး စိန်ကို ဘော့ဆွာနာနိုင်ငံမှာ တူးဖော်တွေ့ရှိ 

ကမ္ဘာ့ တတိယအကြီးဆုံး စိန်ကို ဘော့ဆွာနာနိုင်ငံမှာ တူးဖော်တွေ့ရှိ 
Photo - AFP

ဇွန် ၁၇

ဘော့ဆွာနာနိုင်ငံက စိန်တူးဖော်ရေးကုမ္ပဏီ Debswana ဟာ အလေးချိန် ၁၀၉၈ ကာရတ်ရှိတဲ့ စိန်တုံးကို တူးဖော်တွေ့ရှိခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပြီး ဒီ စိန်တုံးဟာ ကမ္ဘာမှာ တတိယအကြီးဆုံး စိန်တုံးဖြစ်တယ်လို့ ဆိုပါတယ်။ 

ဇွန် ၁ ရက်က တူးဖော်တွေ့ရှိထားတဲ့ အဲဒီ စိန်တုံးကို မြို့တော် ဂါဘရွန်နီမှာ သမ္မတ မာစီစီထံ ပြသလာခဲ့တာ ဖြစ်ပါတယ်။ 

“ကမ္ဘာမှာ တူးဖော်တွေ့ရှိသမျှမှာ တတိယမြောက် အကြီးဆုံး အရည်အသွေးကောင်း စိန်ပဲ ဖြစ်တယ်လို့ ယူဆရတယ်”လို့ Debswana ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ အမျိုးသမီးဖြစ်သူ လိုင်းနက်အမ်းစထရောင်းက ပြောပါတယ်။ 

“ရှားပါးပြီး အံ့မခန်းဖွယ် စိန်တုံးပါပဲ၊ ခက်ခဲရုန်းကန်နေရတဲ့ နိုင်ငံအတွက် မျှော်လင့်ချက်တွေ ယူဆောင်လာတာပါပဲ”လို့ သူက ဆိုပါတယ်။ 

အစိုးရနဲ့ ကမ္ဘာ့စိန်ကုမ္ပဏီကြီးဖြစ်တဲ့ De Beers တို့ရဲ့ အကျိုးတူဖက်စပ်လုပ်ငန်း Debswana ကုမ္ပဏီရဲ့ သမိုင်းမှာတော့ အကြီးဆုံးနဲ့ အရည်အသွေးပြည့် စိန်တုံးကို တူးဖော်တွေ့ရှိတာပဲ ဖြစ်ပါတယ်။ 

ကမ္ဘာမှာ အကြီးဆုံးသော စိန်ဟာ ၁၉၀၅ ခုနှစ်က တောင်အာဖရိကမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ၃၁၀၆ ကာရတ်ရှိ Cullinan စိန်တုံးကြီးပဲ ဖြစ်ပါတယ်။ 

ဒုတိယအကြီးဆုံးကတော့ ဘော့ဆွာနာ အရှေ့မြောက်ပိုင်း ကာရိုဝီဒေသမှာ ၂၀၁၅ က တွေ့ရှိတဲ့ Lesedi La Rona စိန်တုံးကြီးဖြစ်ပြီး အဲဒီ စိန်ကတော့ ၁၁၀၉ ကာရတ်ရှိကာ တင်းနစ်ဘောလုံးတစ်လုံးစာ အရွယ်အစား ရှိပါတယ်။ 

ဘော့ဆွာနာနိုင်ငံဟာ အာဖရိကမှာ စိန်ထုတ်လုပ်ရေး ဦးဆောင်နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required