အိန္ဒိယက တာလီဘန်ခေါင်းဆောင်များနှင့် ဆက်ဆံရေး လမ်းကြောင်းဖွင့်

အိန္ဒိယက တာလီဘန်ခေါင်းဆောင်များနှင့် ဆက်ဆံရေး လမ်းကြောင်းဖွင့်

အိန္ဒိယအစိုးရက တာလီဘန်အဖွဲ့ ဒုတိယအကြီးအကဲ မူလာဂါနီဘာရာဒါအပါအဝင် ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ်အဖြစ် ဆက်ဆံရေး လမ်းကြောင်း ထူထောင်လိုက်ကြောင်း Hindustan Times သတင်းစာက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖော်ပြခဲ့သည်။

ယခုလုပ်ဆောင်မှုသည် အိန္ဒိယအစိုးရက တာလီဘန်တို့နှင့် မည်သည့်အခါကမှ ဆက်ဆံမှုမရှိသော ရပ်တည်ချက်မှ သိသာထင်ရှားသည့် အပြောင်းအလဲတစ်ရပ် ဖြစ်သည်။

ယခုလုပ်ငန်းစဉ်ကို အိန္ဒိယလုံခြုံရေးအရာရှိများက ဦးဆောင်ပြီး အမျိုးသားဝါဒီအဖြစ်သတ်မှတ်ထားသော၊ ပါကစ္စတန်နှင့် အီရန်တို့၏ လွှမ်းမိုးမှုမှ မလွတ်ကင်းသည့် တာလီဘန်အုပ်စုခွဲများနှင့် ခေါင်းဆောင်များအား ယခုအစီအစဉ်နှင့် ထည့်သွင်းထားခြင်းမရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆက်သွယ်မှုများ လုပ်ဆောင်သည်မှာ လအနည်းငယ် ကြာမြင့်ပြီဖြစ်ပြီး စုံစမ်းမှုများကိုလည်း ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်ဟု သတင်းရင်းမြစ်များက Hindustan Times သို့ ပြောကြားသည်။

မူလာဘာရာဒါနှင့် တွေ့ဆုံကြောင်း အတည်မပြုနိုင်သော်လည်း အပြန်အလှန် ဆက်သွယ်မှုများ လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု မရှိသေးသော်လည်း အခြားတာလီဘန်အုပ်စုများနှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်လျှက်ရှိသည်။

အိန္ဒိယသည် အာဖဂန်နစ္စတန်၏ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး‌ရေး လုပ်ငန်းများတွင် ဒေသတွင်း အများဆုံးဖြစ်သည့် ဒေါ်လာ ၃ဘီလျံ ထည့်ဝင်ရန် ကတိပြုထားသော်လည်း တာလီဘန်တို့သည် ပါကစ္စတန် စစ်တပ်နှင့် ယခင်ကပင် ဆက်ဆံမှုများရှိခဲ့ခြင်းအပါအဝင် ရုရှား၊ တရုတ်၊ အီရန်တို့နှင့် ဆက်ဆံမှုများ ပိုမိုလုပ်ဆောင်ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ပါကစ္စတန်၊ အာဖဂန်နှင့် အီရန်နိုင်ငံတို့နှင့် ချိတ်ဆက်ရန် ခန့်ထားသည့် ပူးတွဲဝန်ကြီး ဂျေပီဆင်း၏ ပြီးခဲ့သည့်လအတွင်း ကဘူးမြို့သို့ ခရီးစဉ်သည် အာဖဂန်ခေါင်းဆောင်များနှင့် ဆက် လက်ညှိနှိုင်းဆောင်ရွက်ရေးအတွက် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်သည်။

“ဆင်းအနေနဲ့ အဖွဲ့ပေါင်းစုံနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေကို လေ့လာတွက်ဆမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရမှာတွေကိုလည်း သိရှိခဲ့ပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက Hindustan Times သို့ ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly