ငွေကြေးဖောင်းပွမှုရှိနေသည့် ပါကစ္စတန်က ပြည်ပချေးငွေယူရန် ပြင်ဆင်

ငွေကြေးဖောင်းပွမှုရှိနေသည့် ပါကစ္စတန်က ပြည်ပချေးငွေယူရန် ပြင်ဆင်

မြင့်မားသည့် အလုပ်လက်မဲ့အရေအတွက်၊ ဆင်းရဲမွဲတေမှုနှင့် ငွေကြေးဖောင်းပွမှုများရှိနေသည့် ပါကစ္စတန်နိုင်ငံတွင် ဖိအားများရှိနေပြီး ပြန်လည်ပေးဆပ်ရတော့မည့် ပြည်ပကြွေးမြီများနှင့် ဘတ်ဂျက်လိုငွေပြမှုကို ဖြေရှင်းရန် အစိုးရက လာမည့်ဘဏ္ဍာရေးနှစ်တွင် ချေးငွေ ဒေါ်လာ ၁၆ ဘီလျံနီးပါးကို ရယူရန် ပြင်ဆင်လျှက်ရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ချေးယူမည့် ခန့်မှန်းခြေ ဒေါ်လာ ၁၅ ဒသမ ၇ ဘီလျံသည် ယခုနှစ်၏ တွက်ချက်ခန့်မှန်းထားသော နိုင်ငံခြားစီးပွားရေးအကူအညီ၏ ၁၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း Express Tribune က သတင်းဖော်ပြထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန သတင်းရင်းမြစ်များက ပြောကြားသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ယခုဆွေးနွေးမှုများအပြီးတွင် ချေးငွေပမာဏ အနည်းငယ် ပြောင်းလဲမှု ရှိနိုင်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

ချေးယူမည့် ငွေ ၃ပုံ ၂ ပုံနီးပါးကို အချိန်တန်၍ ပြန်ဆပ်မည့် ပြည်ပကြွေးမြီများအတွက် အသုံးပြုသွားမည် ဖြစ်သည်။

ချေးငွေ စုစုပေါင်း ဒေါ်လာ ၁၅ ဒသမ ၇ ဘီလျံတွင် တစ်နိုင်ငံချင်းစီမှလည်းကောင်း၊ စုပေါင်းချေးငွေများမှလည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးဘဏ်များ၊ ယူရိုငွေချေးစာချုပ်အဖွဲ့နှင့် IMF တို့မှ ပါဝင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

အစီအစဉ်သစ်တွင် ယူရိုငွေချေးစာချုပ်အဖွဲ့မှ ဒေါ်လာ ၂ ဘီလျံ၊ နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ဒေါ်လာ ၄ ဒသမ ၉ ဘီလျံနှင့် IMF မှ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံတို့ ပါဝင်မည်ဟု သတင်းရင်းမြစ်များက ပြောကြားသည်။

ယခုချေးငွေသည် ပါကစ္စတန်နိုင်ငံအနေဖြင့် တစ်နှစ်အတွင်း ချေးယူသည့် ငွေပမာဏအများဆုံး ဖြစ်ရာ ဆိုးရွားလာသည့် အကြွေးထောင်ချောက်ကြောင့် အစိုးရတိုင်း ကြုံတွေ့ရသည့် အခက်အခဲကို ဖော်ပြနေခြင်း ဖြစ်သည်။

ကြွေးမြီမဟုတ်သည့် ပြည်ပဝင်ငွေရရှိအောင် မဆောင်ရွက်နိုင်သောကြောင့် ပါကစ္စတန်နိုင်ငံတော်ဘဏ် (SBP)တွင် ထားရှိသည့် အရန်နိုင်ငံခြားငွေသည် ချေးငွေများမှ ရရှိသောကြောင့် ပြည်ပကြွေးမြီ ပုံမှန် မြင့်တက်နေခြင်း ဖြစ်သည်။

ပါကစ္စတန်တွင် ကိုဗစ်ကာလ အသွားအလာ ပိတ်ပင်ကန့်သတ်ထားသည့်ကာလအတွင်း အလုပ်လက်မဲ့အရေအတွက် မြင့်တက်လာကာ နိုင်ငံ၏ ဂျီဒီပီတိုးတက်မှု ၃ ဒသမ ၉ သန်းရှိနိုင်သည်ဟု ခန့်မှန်းထားသော်လည်း သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေသည်။

ယမန်နှစ် ဧပြီနှင့် ဇူလိုင်လအတွင်းက ပြင်ပလုပ်ငန်းခွင်များတွင် အလုပ်သမား ၄ ဦးလျှင် ၃ ဦးခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း တရားဝင်အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly