ကလေးမြို့တွင် COVID -19 ပိုးကူးစက်ပြန့်နှံ့မှု များနေ

ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့တွင် COVID -19 ရောဂါပိုးကူးစက်မှု အရှိန်အဟုန်ဖြင့်ပြန့်နှံ့နေသဖြင့်ဆရာ၀န်နှင့်အောက်ဆီဂျင်စက်မလုံလောက်မှုများဖြစ်နေ‌ခြင်းကြောင့် လူနာများအခက်အခဲဒုက္ခတွေ့နေကြောင်း ဒေသခံလူမှုကူညီရေး ပါ၀င်ဆောင်ရွက်နေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

 "ကလေးမှာလက်ရှိကြေညာထားတာ ပိုးတွေ့လူနာ ၁၀၀ ကျော်ပြီ သေဆုံးသူကတော့ ၃၀ ကျော်ပြီ အဲ့ဒီလိုကြေညာထားပေမယ့် သတင်းမရတဲ့လူနာတွေရှိနေတယ်။ အိမ်မှာကြိတ်ကုနေကြတာ တစ်မြို့လုံးနီးပါးပါပဲ တော်တော်ပြန့်နေတာ စိုးရိမ်ဖွယ်ရာအထိဖြစ်နေတယ်။ တကယ်စစ်ရင်အများကြီးထပ်တွေ့ဦးမှာ ဆေးရုံကြီးဖွင့်ထားလဲဆေးရုံကြီးမှာ ဆရာ၀န် မလုံလောက်ဘူး၊ အောက်ဆီဂျင်စက်တွေလဲမလုံလောက်ဘူး။ လူမှုကူညီရေးအသင်းလေးတွေက ရှိတဲ့ဟာလေးတွေနဲ့ပဲ ဝိုင်း၀န်းလုပ်ပေးနေကြတာ တော်တော်ဒုက္ခရောက်နေတယ်"ဟု၎င်းကပြောသည်။ 

ကလေးမြို့တွင် COVID -19 ပိုးကူးစက်သူအရေအတွက်အား ခန့်မှန်း၍မရအောင်များလာ‌သောကြောင့် လက်ရှိတွင်ဆရာ၀န်အရေအတွက်မှာ၂၀ ကျော်နဲ့ ၃၀ ဦး ၀န်းကျင်သာရှိသည့်အတွက် ဆရာ၀န်မလုံလောက်ခြင်း၊အောက်ဆီဂျင်ဘူးနှင့်စက်မလုံလောက်ခြင်း၊ကုသဆောင်၊ကွာရန်တင်းစင်တာများမလုံလောက်သည့်အနေအထားကြောင့် ဒေသခံများကြိတ်၍ကုသသည့်အထိရှိနေကြောင်းသိရသည်။ 

လက်ရှိကုသဆောင်အချို့တွင်အောက်ဆီဂျင်ဘူးအရေအတွက်ပျှမ်းမျှ ၁၀၀၀ ကျော်ရှိနေ‌သော်လည်း ပိုးတွေ့လူနာအရေအတွက်နှင့် အချိူးမကျသောကြောင့် လတ်တလောအနေထားအရ အောက်ဆီဂျင်ဘူး ၅၀၀ကျော်လိုအပ်နေကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။ 

စစ်ကိုင်းတိုင်း၊ကလေးမြို့တွင်နေထိုင်သူဦးရေ ၅ သိန်း၀န်းကျင်ရှိ၍ ကိုဗစ်တတိယလှိုင်းတွင် COVID -19 ပိုးကူးစက်မှုကြောင့်သေဆုံးသူ ၃၀ ကျော်ရှိလာပြီဖြစ်ကြောင်းအဆိုပါအဖွဲ့ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly