နျူကလီးယား ဆွေးနွေးမှုများအကြား အီရန်တွင် သမ္မတသစ်တစ်ဦးကို ရွေးကောက်တင်မြှောက်ရန် ရှိနေ

နျူကလီးယား ဆွေးနွေးမှုများအကြား အီရန်တွင် သမ္မတသစ်တစ်ဦးကို ရွေးကောက်တင်မြှောက်ရန် ရှိနေ
Photo - AFP

 

ဇွန် ၁၆

အီရန်နိုင်ငံတွင် လာမည့် ဇွန်လ ၁၈ ရက်၌ သမ္မတသစ်တစ်ဦးကို မဲဆန္ဒရှင်များက ရွေးကောက်တင်မြှောက်သွားရန် ရှိနေပြီး ကိုယ်စားလှယ်လောင်းတစ်ချို့ အရည်အချင်းမပြည့်မီဟု သတ်မှတ်ခံရပြီးနောက် သြဇာကြီးမားသည့် ကွန်ဆာတေးဗစ်တစ်ဦးဖြစ်သည့် အီဘရာဟင် ရိုင်ဆီသည် နိုင်ငံရေးအရ အစွန်းမရောက်သူဖြစ်သည့် ဟာဆန် ရိုဟာနီ၏ နေရာတွင် အစား၀င်လာဖွယ် ရှိနေသည်။

စီးပွားရေးကျဆင်းမှုနှင့် ထိခိုက်ခံစားနေရသည့် အီရန်နိုင်ငံသည် ပျက်ပြယ်လုနီး ဖြစ်နေခဲ့သည့် ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် အင်အားကြီးနိုင်ငံများနှင့်အကြား ဆွေးနွေးနေသလို ဒဏ်ခတ်ချမှတ်ထားသည့် အမေရိကန်၏ အရေးယူပိတ်ဆို့မှုကို အဆုံးသတ်နိုင်ရေး အပတ်တကုပ် ကြိုးပမ်းနေချိန် သမ္မတရွေးကောက်ပွဲ လုပ်ဆောင်ရန် ရှိနေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် တီဟီရန်တွင် ရွေးကောက်ပွဲအတွက် တက်ကြွလှုပ်ရှားမှု နည်းပါးနေပြီး မဲဆွယ်ပိုစတာများမှာလည်း ကျဲပါးနေခဲ့သည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် သမ္မတကိုယ်စားလှယ်လောင်းများအနက် ယခုအခါ နှစ်ဦး နုတ်ထွက်သွားပြီဖြစ်သဖြင့် ငါးဦးသာ ကျန်ရှိတော့သည်ဖြစ်ရာ အားလုံးထဲတွင် ရိုင်ဆီက အနိုင်ရရန် ရေပန်းအစားဆုံးဖြစ်နေသည်။

ရွေးကောက်ပွဲတွင် အထူးတလည် အံ့အားသင့်စရာ အခြေအနေများကို မြင်ရလိမ့်မည်မဟုတ်ဟု လေ့လာစောင့်ကြည်သူများက တွက်ဆထားသလို လူမှုဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းကြောင့် ဖိစီးမှုများနှင့်ကြုံနေရစဥ် နိုင်ငံတ၀န်း မဲပေးသူဦးရေသည်လည်း စံချိန်တင် နည်းပါးလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

၁၉၇၉ ခုနှစ် တော်လှန်ရေးတစ်ရပ်နှင့်အတူ ဘုရင်စနစ်ကို ဖြုတ်ချခဲ့ပြီးနောက် အီရန်တွင် အမြင့်ဆုံး အာဏာသည် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီထံတွင် ရှိနေသည်။ သို့သော် အီရန်သမ္မတတွင်လည်း စက်မှုလုပ်ငန်းဆိုင်ရာ မူ၀ါဒမှ စပြီး နိုင်ငံခြားရေးရာအထိ ကိစ္စရပ်များတွင် သိသာထင်ရှားသော သြဇာလွှမ်းမိုးသက်ရောက်မှုများ ရှိနေသည်။

လက်ရှိသမ္မတ ရိုဟာနီ၏ လေးနှစ်သက်တမ်း နှစ်ကြိမ်ဆက်ကာလအတွင်း အထင်ကရအဖြစ်ဆုံး အောင်မြင်မှုက ၂၀၁၅ နျူကလီးယား သဘောတူညီချက် ဖြစ်ပြီး ယင်း၏ အောက်တွင် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကနေ သက်သာရာရရေးအတွက် အပြန်အလှန်အဖြစ် တီဟီရန်ဘက်က ယင်း၏ နျူကလီးယား အစီအစဥ်အပေါ် ကန့်သတ်မှုများကို လက်ခံခဲ့သည်။

သို့သော် အီရန်အနေဖြင့် အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဆိုသည့် မျှော်လင့်ချက်များသည် ၂၀၁၈ တွင် ပျောက်ပျက်သွားခဲ့ပြီး ထိုစဥ်အချိန်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အီရန် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အီရန်ကို သံတမန်ရေးနှင့် စီးပွားရေးအရ သီးခြားအထီးကျန်စေရေး ရည်ရွယ်ပြီး အမြင့်ဆုံးဖိအားပေးမှုတစ်ရပ် လုပ်ဆောင်ခဲ့သည်။

ကမ္ဘာ့ကျန်နိုင်ငံများနှင့်အကြား ရေနံ ရောင်းချ၊ ကုန်သွယ်ခြင်းအပေါ် အမေရိကန်၏ ပိတ်ပင်ခြင်းကို ခံထားခဲ့ရသည့် လူဦးရေ ၈၃ သန်းရှိ အီရန်နိုင်ငံသည် စီးပွားရေးကျဆင်းမှုထဲ ကျရောက်ခဲ့ရပြီး အနောက်အုပ်စုအပေါ် ယုံကြည်ခဲ့မှုအတွက် ရိုဟာနီနှင့် ၎င်း၏ အစိုးရအဖွဲ့ကိုလည်း နိုင်ငံရေးအယူအဆပြင်းထန်သည့် ကွန်ဆာတေးဗစ်များက အပြင်းအထန် ဝေဖန်ထားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly