အာကာသစခန်းသို့ ပထမဆုံးအာကာသယာဉ်မှုးများ ပို့ဆောင်ရန် တရုတ် အသင့်ဖြစ်

အာကာသစခန်းသို့ ပထမဆုံးအာကာသယာဉ်မှုးများ ပို့ဆောင်ရန် တရုတ် အသင့်ဖြစ်

တရုတ်၏ ကမ္ဘာပတ်အာကာသစခန်းအသစ်တွင် နေထိုင်မည့် ပထမဆုံးအာကာသယာဉ်မှူးများအား ပို့ဆောင်မည့် ဒုံးပျံကို လာမည့် သတင်းပတ်တွင် လွှတ်တင်ရန် စီစဉ်ထားသည့် အချိန်မတိုင်မီ ဒုံးပျံကို ဒုံးလွှတ်စင်သို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်သည်။

အာကာသယာဉ်မှူးသုံးဦးသည် အဆိုပါ အာကာသစခန်း၌ သုံးလနေရန် စီစဉ်ထားပြီး တရုတ်၏ ယခင် အာကာသခရီးစဉ်များထက် အချိန်ပိုမိုကြာကြာနေထိုင်မည်ဖြစ်သည်။ အာကာသအတွင်း လမ်းလျှောက်ခြင်း၊ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် သိပ္ပံဆိုင်ရာစမ်းသပ်မှုများကို ပြုလုပ်ကြမည်ဖြစ်သည်။

ထန်းဟော် (Heavenly Harmony) ဟုခေါ်သည့် အာကာသစခန်း၏ အဓိကအပိုင်းကို ဧပြီလ ၂၉ ရက်တွင်ဂြိုဟ်ပတ်လမ်းသို့ လွှတ်တင်ခဲ့သည်။ အာကာသယာဉ်မှုးများ ခရီးစဉ်အတွက် ပြင်ဆင်မှုများပြုလုပ်သည့်အနေဖြင့် ကုန်ပို့ အာကာသယာဉ်သည်လည်း မေလက လောင်စာဆီများ၊ အစားအစာများနှင့် ပစ္စည်းကိရိယာများကို ပို့ဆောင်ရန် လွှတ်တင်ခဲ့သည်။

Shenzhou-12 အာကာသယာဉ်ကို သယ်ဆောင်လာသည့် Long March-2F Y12 ဒုံးပျံကို တရုတ်ပြည် အနောက်မြောက်ပိုင်းရှိ ကျိုချွန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာရှိ ဒုံးလွှတ်စင်သို့ ဇွန်လ ၉ ရက်က လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း တရုတ်အာကာသအင်ဂျင်နီယာရုံးက အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အာကာသယာဉ်ကို ဇွန်လ ၁၆ရက်တွင် လွှတ်တင်ရန် စီစဉ်ထားသည်။

အာကာသအေဂျင်စီသည် ၂၀၂၂ ခုနှစ်အကုန်တွင် ဓာတ်ခွဲခန်းနှစ်ခုပါရှိသည့် တန် ၇၀ အာကာသစခန်းအဖြစ် တိုးချဲ့သွားရန်အတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အာကာသယာဉ်မှုးများကို စုစုပေါင်း ၁၁ ကြိမ် လွှတ်တင်ရန် စီစဉ်ထားသည်။ ဇွန်လ ၁၆ရက် လွှတ်တင်မှုသည် သုံးကြိမ်မြောက် လွှတ်မှုဖြစ်ပြီး ပထမဆုံးအကြိမ် အာကာသယာဉ်မှုး လေးဦးလိုက်ပါရန် စီစဉ်ထားခဲ့သည်။

နောက်ထပ်ကုန်တင်သယ်ယူပို့ဆောင်ရေးမစ်ရှင်ကို စက်တင်ဘာလတွင် စီစဉ်ထားပြီး မကြာမီတွင် အစားထိုးအာကာသယာဉ်မှုးများစေလွှတ်မည်ဟု သတင်းများက ဆိုသည်။

ဓာတ်ခွဲခန်းနှစ်ခု ပစ္စည်းများကိုမူ ၂၀၂၂ခုနှစ်တွင် လွှတ်တင်မည်ဟု မျှော်လင့်ရသည်။

ဆက်လက်ပို့ဆောင်မည့် အာကာသယာဉ်မှုးမစ်ရှင်များအတွက် အာကာသယာဉ်မှုးသင်တန်းကို မတ်လအတွင်က ပြုလုပ်ခဲ့ပြီး ယင်းတွင် အာကာသယာဉ်မှုးဟောင်းများ၊ အသစ်များနှင့် အမျိုးသမီးအချို့ပါဝင်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

ယခုအချိန်အထိ အာကာသယာဉ်မှုး ၁၁ ဦး ကို အာကာသထဲသို့ စေလွှတ်ခဲ့ပြီးဖြစ်ပြီး၊ အာကာသယာဉ်မှုး အားလုံးမှာ တရုတ်ကွန်မြူနစ်ပါတီ၏ စစ်တပ်ဖြစ်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မှ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required