မလေးရှားမှာ တစ်နိုင်ငံလုံး လော့ဒေါင်းချထားတာကို သက်တမ်း ထပ်တိုး 

မလေးရှားမှာ တစ်နိုင်ငံလုံး လော့ဒေါင်းချထားတာကို သက်တမ်း ထပ်တိုး 
Photo - AFP

ဇွန် ၁၅

မလေးရှားနိုင်ငံမှာ တစ်နိုင်ငံလုံး ကိုဗစ်လော့ဒေါင်း ချထားတာကို ဇွန် ၂၈ ရက်အထိ သက်တမ်းထပ်တိုးပြီးနောက်မှာ မြို့တော် ကွာလာလမ်ပူမှာ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ လမ်းတွေနဲ့ ရဲစစ်ဆေးရေးဂိတ်တွေကို မြင်တွေ့ရပါတယ်။ 

နေ့စဉ် ဒါဇင်များစွာ သေဆုံးနှုန်း စံချိန်တင်နေတာနဲ့အတူ အစိုးရဟာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ရပ်တန့်ရေးအတွက် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး စီးပွားရေးလုပ်ငန်းကိုင်ငန်းအားလုံးကိုလည်း ပိတ်စေကာ ပြည်သူတွေအနေနဲ့ အပြင်ထွက် သွားလာတဲ့အခါ တစ်ဦးနဲ့ တစ်ဦး ၁၀ ကီလိုမီတာ အချင်းဝက် ခွာရမယ်လို့ ပြဋ္ဌာန်းချမှတ်ထားပါတယ်။ 

အရှေ့တောင်အာရှတစ်လွှားက နိုင်ငံတွေမှာ ကူးစက်မှု ပိုမြန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲရဲ့ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာကို ရုန်းကန်နေရချိန် ဆိုးဝါးတဲ့ ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ရေးအတွက် မလေးရှားအစိုးရဟာ ဇွန် ၁ ရက်နေ့ကစပြီး သီတင်းနှစ်ပတ်တာ တစ်နိုင်ငံလုံး လော့ဒေါင်းချထားခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ ဒီ တစ်နိုင်ငံလုံး လော့ဒေါင်းကို သက်တမ်းထပ်တိုးပြီး ဇွန် ၂၈ ရက်အထိ ချမှတ်ရပြန်တာ ဖြစ်ပါတယ်။ 

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံအများစုဟာ ရုတ်ခြည်းနယ်စပ်တွေ ပိတ်တာနဲ့ ကန့်သတ်တားမြစ်ချက်တွေ ချက်ချင်း ချမှတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က ကပ်ဘေး ပထမဆုံးလှိုင်းကနေ လွတ်မြောက်ခဲ့ရပါတယ်။ ဒါပေမဲ့ ထိုင်းကနေ ဗီယက်နမ်အထိ နိုင်ငံတွေဟာ နှေးကွေးတဲ့ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်နဲ့ ပြည်သူတွေရဲ့ စည်းမျဉ်းပေါ့ဆတာတွေကြောင့် ကူးစက်မှု မြင့်တက်တဲ့ လှိုင်းသစ်နဲ့ ကြုံလာရပါတယ်။ 

အဆိုးဆုံး ကူးစက်မှုမြင့်တက်တဲ့အထဲမှာ မလေးရှားလည်း အပါအဝင် ဖြစ်ပါတယ်။ ကပ်ဘေးစတင်ချိန်ကစလို့ လူဦးရေ ၃၂ သန်းရှိတဲ့ မလေးရှားမှာ ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၂၈၀၀ ကျော် သေဆုံးပြီး မေလတစ်လတည်းမှာ သေဆုံးမှုက ၄၀ ရာခိုင်နှုန်းကျော် ရှိခဲ့တာပါ။ 

အဲဒါကြောင့် အာဏာပိုင်တွေဟာ စူပါမားကတ်နဲ့ ဆေးခန်းတွေလို မရှိမဖြစ် စီးပွားရေးတွေကလွဲလို့ ‘အလုံးစုံလော့ဒေါင်း’ကို ဇွန် ၁ ရက်နေ့မှာ စတင်ချမှတ်လာခဲ့ပါတယ်။ လော့ဒေါင်းစည်းမျဉ်းအရ ပြည်သူတွေအနေနဲ့ လိုအပ်မှာ အပြင်ထွက်ရမှာ ဖြစ်ပြီး စာသင်ကျောင်းများစွာလည်း ပိတ်ထားပြီး ဖြစ်ပါတယ်။ 

ပြည်တွင်းက နေရာအများစုမှာလည်း ခရီးသွားလာခွင့်ကို လများစွာ တားမြစ်ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။ 

“အစိုးရက လော့ဒေါင်းချပေမယ့် ဗိုင်းရပ်စ်ဟာ လေထဲမှာ ရှိနေတယ်၊ အစိုးရအနေနဲ့ ကာကွယ်ဆေးထိုးနှံပေးတာကို အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုတယ်”လို့ ကွာလာလမ်ပူက ဆံသဆိုင်ကို ပိတ်ရတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ 

မလေးရှားမှာ လူဦးရေရဲ့ ခြောက်ရာခိုင်နှုန်းလောက်ပဲ လက်ရှိအထိ ကာကွယ်ဆေး ပထမဆေးကို ထိုးနှံပေးနိုင်သေးကြောင်း သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly