ဖိလစ်ပိုင်သမ္မတနှင့် ပက်ကွီယောင် တောင်တရုတ်ပင်လယ်ကိစ္စ အငြင်းပွား

ဖိလစ်ပိုင်သမ္မတနှင့် ပက်ကွီယောင် တောင်တရုတ်ပင်လယ်ကိစ္စ အငြင်းပွား

တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ သမ္မတ၏ ရပ်တည်ချက်သည် အားနည်းကြောင်း အထက်လွှတ်တော်အမတ်နှင့် မတူညီသော ဝိတ်တန်းရှစ်ခုတွင် လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သူ ပက်ကွီယောင်က ပြောကြားခဲ့ပြီးနောက်တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း လက်ဝှေ့သမား ပက်ကွီယောင်သည် နိုင်ငံခြားရေးပေါ်လစီဆိုင်ရာ ဗဟုသုတနည်းပါးသည်ဟု ဝေဖန်ခဲ့သည်။

ဇွန်လ ၈ရက်က SMNI သတင်းရုပ်သံလိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒူတာတေးက ပက်ကွီယောင်သည် မဝေဖန်မီ “ပထမဆုံး လေ့လာသင့်သည်“ ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အနေဖြင့် အငြင်းပွားမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်သင့်သော်လည်း“ အချုပ်အခြာအာဏာအခွင့်အရေးများကို ကာကွယ်ရန် ခိုင်ခိုင်မာမာရပ်တည်ရမည်ဖြစ်ကြောင်း” ဇွန်လ ၉ ရက်က ပက်ကွီယောင်က အခိုင်အမာရပ်တည်ချက်အတိုင်း ပြန်လည်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့တရားဝင်အခွင့်အရေးအဖြစ် တရားစီရင်ချက်ချထားတာကို ကာကွယ်ပြောဆိုဖို့လိုအပ်ရင် ဖိလစ်ပိုင်သားတစ်ယောက်အနေနဲ့ ထုတ်ဖော်ပြောဆိုရမှာပါပဲ”ဟု ပက်ကွီယောင်က ဖိလစ်ပိုင်မှ တရုတ်အား တရားစွဲဆိုခဲ့သည့် ၂၀၁၆ ခုနှစ် ခုံသမာဓိစီရင်ဆုံးဖြတ်ခြင်းကို ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒူတာတေးသည် ပြည်တွင်းတွင် အလွန်လူကြိုက်များသော်လည်း တရုတ်၏ စစ်ရေး၊ ကမ်းခြေစောင့်တပ်နှင့် ငါးဖမ်းရေယာဉ်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ငြင်းဆန်ခြင်းအတွက် ဝေဖန်ခံရသည်။

ဖိလစ်ပိုင်ကာကွယ်ရေးနှင့် သံတမန်ရေးရာအဖွဲ့များက ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်တွင် ရာနှင့်ချီသော တရုတ်ပြည်သူ့စစ်ရေယာဉ်များ အဆက်မပြတ်ရှိနေခြင်းနှင့်ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ထားသော်လည်း တရုတ်က ငြင်းဆန်ထားသည်။

တရုတ်က ဖိလစ်ပိုင်နိုင်ငံကို အခြားနယ်ပယ်တွင် ထောက်ပံ့မှုများပြုလုပ်ပေးခဲ့သည့်အတွက် ကျေးဇူးကြွေးတင်ရှိနေကြောင်း ဒူတာတေးက ပြောကြားခဲ့သော်လည်း ယင်းမှတ်ချက်များကို ပတ်ကွီအိုက သဘောမတူပေ။

အသက် ၄၂ နှစ်အရွယ် ပတ်ကွီအိုက မေလအတွင်းကလည်း ဒူတာတေး၏ ရပ်တည်ချက်သည် အားနည်းပြီး စိတ်ပျက်ဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly