ယှဉ်ပြိုင်မှု တိုးမြှင့်ရန်ရည်ရွယ်သည့် အမေရိကန်ဥပဒေကြမ်းအား တရုတ်ရှုတ်ချ

ယှဉ်ပြိုင်မှု တိုးမြှင့်ရန်ရည်ရွယ်သည့် အမေရိကန်ဥပဒေကြမ်းအား တရုတ်ရှုတ်ချ

အမေရိကန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေရန် နည်းပညာမြှင့်တင်မည့် ဥပဒေကြမ်းသည် တရုတ်၏ နိုင်ငံရေးစနစ်ကို မသိမသာတိုက်ခိုက်ခြင်းဖြစ်သလို တရုတ်၏ တိုးတက်မှုကိုလည်း အဟန့်အတားဖြစ်စေနိုင်သည်ဟုဆိုကာ တရုတ်က ရှုတ်ချလိုက်သည်။

အမေရိကန်၏ ဆန်းသစ်တီထွင်မှုနှင့် ပြိုင်ဆိုင်မှုအက်ဥပဒေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ပြတ်သားစွာ ဆန့်ကျင်ကြောင်း ဖော်ပြသည့် ကြေညာချက်ကို တရုတ်၏ ဥပေဒပြုရေးလွှတ်တော်ဟုဆိုသည့် အမျိုးသားပြည်သူ့ကွန်ဂရက်၏ နိုင်ငံခြားရေးရာကော်မတီက ဇွန်လ ၉ရက်က ထုတ်ပြန်ခဲ့သည်။ ။

“ ယင်းဥပဒေကြမ်းသည် တရုတ်ပြည်၏ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ရန် လူ့အခွင့်အရေးနှင့် ဘာသာရေးကို အသုံးပြုပြီး ကမ္ဘာလုံးဆိုင်ရာ အမေရိကန်ကြီးစိုးမှုကို ဆက်လက်ဆောင်ရွက်ရန် “တရုတ်ခြိမ်းခြောက်မှု” ဆိုသည့် စကားကို ပုံကြီးချဲ့ကာ လိုသလို ပြောကြားနေကြောင်းနှင့် တရုတ်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများကို ဆုံးရှုံးစေသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ တရုတ်ပြည်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ထိခိုက်စေမည့် ခါးသီးသော အသီးများကို တရုတ်က မျိုချလိမ့်မည်ဟု မည်သည့်အင်အားစုကမျှ မျှော်လင့်မထားသင့်ကြောင်း” လည်း ထုတ်ပြချက်က ဆိုသည်။

ယင်းသည် သမ္မတ ရှီကျင့်ဖင် အသုံးပြုလေ့ရှိသော စကားလုံးများကို သံယောင်လိုက်ထားခြင်းဖြစ်ပြီး ၎င်းက တရုတ်၏ ဂုဏ်သတင်းအပေါ် မည်သည့်တိုက်ခိုက်မှုကိုမဆို ပြင်းထန်စွာ တုံ့ပြန်သော ရန်လိုသော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားသည်။

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ဒီမိုကရေစီကျွန်းဖြစ်သော ထိုင်ဝမ်ကိုလည်း တရုတ်က ယင်း၏ ပိုက်နက်နယ်မြေအဖြစ် ပြောကြားထားသဖြင့် ထိုင်ဝမ်ကို ထောက်ခံကြောင်း ဖော်ပြထားသည့် အမေရိကန်၏ ဥပဒေကြမ်းပါ စာပိုဒ်များ၊ ဟောင်ကောင်ကို ရည်ညွှန်းထားချက်များတွင် တရုတ်က ဒီမိုကရေစီကို နောက်ကြောင်းပြန်လှည့်သည်ဟု စွပ်စွဲထားသည့် စာပိုဒ်များ၊ အနောက်မြောက်နယ်မြေဖြစ်သော ရှင်ကျန်းတွင် လူနည်းစုမွတ်စလင်အုပ်စုများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းထားသည့် ထားခြင်းကိုလည်း ဝေဖန်ထားချက်များကိုလည်း ယင်းကြေညာချက်တွင် တိုက်ခိုက်ထားသည်။

ယင်းနှင့်ဆက်စပ်နေသော ပြဿနာများမှာ“ တရုတ်၏ ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး၊ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို လုံးဝသည်းခံမည် မဟုတ်ကြောင်း” အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

နေ့စဉ်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ယင်းဥပဒေကြမ်းတွင် တရုတ်နှင့် ပတ်သက်သော အကြောင်းအရာများသည် နှစ်ဘက်အကျိုးမရှိသည့် စစ်အေးတိုက်ပွဲ အတွေးအခေါ်နှင့် ပြည့်နှက်နေသလို အချက်အလက်များကို လိုရာဆွဲပြောနေခြင်းဖြစ် ပြီး တရုတ်၏ ဖွံ့ဖြိုးရေးလမ်းနှင့် ပြည်တွင်းနှင့် နိုင်ငံခြားရေးမူဝါဒများကို သွားပုပ်လေလွင့်ပြောကြားခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required